အစိမ်းရောင်မပြယ်လွင့်ကုန်သော

အပိုင်း ၆

‘‘ဂေ့… အေ့…’’

‘‘ဝု… အော့…’’

သင်္ကြန်အကျနေ့မနက် အရုဏ်ဆွမ်းဘုဉ်းပေးနေချိန်တွင် တစ်ဖက်စားပွဲဝိုင်းက အသံမျိုးစုံ ထွက်လာသဖြင့် ဦးဇင်းဆွေလင်းအောင် လှည့်ကြည့်လိုက်သည်။ ဇိုးသမားများဖြစ်သည့် ဦးဇင်းထွန်းလှ (တပ်ကြပ်ထွန်းလှ) နှင့် ဦးဇင်းအောင်ကိုမင်း (တပ်သားအောင်ကိုမင်း) တိုနှစ်ပါးကို မျက်စိပျက် မျက်နှာပျက်ဖြင့် တွေ့လိုက်ရသည်။

‘‘ဟို ကိုယ်တော်တွေ ဘာဖြစ်နေတာလဲ’’

‘‘ဘာမှမဖြစ်ပါဘူး ဦးဇင်း’’

ဦးဇင်းဆွေလင်းအောင်အမေးကို ဘာမှမဖြစ်ပါဘူးဟုသာ ပြန်ဖြေလိုက်သော်လည်း နှစ်ပါးစလုံးကိုကြည့်ရသည်မှာ မောနင်းမပက်ရသဖြင့် အင်ဂျင်ပုံမှန်အလုပ်မလုပ်သေးသည့်ပုံဖြစ်သည်။

‘‘ကျုပ်မသိဘူးများမှတ်နေလား၊ ဘာမှမဖြစ်ရင်ပြီးတာပဲ စားစရာရှိတာစား၊ ပြီးရင် ဘုရားရှိခိုးရအုံးမယ်’’

ပျို့တက်လာသောလေများကိုမျိုချရင်း ထမင်းငုံစားနေသော ကိုယ်တော်နှစ်ပါးကို ကြည့်လိုက်တော့ လက်တုန်ခြေတုန်ဖြင့်စားနေရရှာသည်။ ပန်းကန်ထဲကနေသယ်လာချိန် ထမင်းတစ်လုတ်ဖြစ်သော်လည်း ပါးစပ်အတွင်း အမှန်တကယ်ရောက်ရှိသွားသည်က ထမင်း ၁၅ စေ့ခန့်သာရှိသည်။ လက်တုန်နေသောကြောင့် ဟင်းရည်ခပ်ချိန်တွင် ဇွန်းနှင့် ဟင်းရည်ပန်းကန်လုံးတို့ ထိတွေ့ မိတ်ဆက်သံ ‘တဒေါင်ဒေါင်’ ကလည်း စည်းချက်ကျလျက်။ ဘေးနားရှိကိုယ်တော်များက သူတိုနှစ်ပါးကို ဝိုင်းကြည့်ပြီး ပြုံးစိပြုံးစိဖြစ်နေကြသည်။

သူတိုကို ဝိုင်းကြည့်နေကြသဖြင့် ကိုယ်တော်နှစ်ပါးခမျာ ဆွမ်းဘုဉ်းပေးခြင်းကို လက်စသတ်ပြီး ပန်းကန်ခွက်ယောက်ဆေးသည့် အုတ်ကန်ဆီသို ပန်းကန်ကိုယ်စီကိုင်ကာ ထထွက်ကုန်ကြတော့သည်။ ရှေ့ကနေ တုန်ချည့်တုန်ချည့်သွားနေသည့် ဦးဇင်းထွန်းလှ၏ တွဲလောင်းကျနေသော သင်္ကန်းစကို နောက်ကလိုက်သည့် ဦးဇင်းအောင်ကိုမင်းမှာ တုန်တုန်ရီရီဖြင့် တက်နင်းမိတော့သည်။

‘‘ဟာ… ဟေ့… သောက်ပလုတ်တုတ် ငါးခြောက်ဖုတ်… အာမီရမ်နဲ့အုပ်’’

‘‘ရှော… ခွမ်း’’

‘‘ဒုန်း’’

ဦးဇင်းထွန်းလှခမျာ ကိုယ်ရုံသင်္ကန်းကျွတ်မကျအောင် လက်တစ်ဖက်ကဆွဲထားသော်လည်း သွားနေသည့်အရှိန်နှင့်မို ရှေ့ကိုဟပ်ထိုးပစ်ကျတော့သည်။ လက်ထဲကပန်းကန်ပြားလည်း လွတ်ကျ၊ ဦးပြည်းတော်ပြောင်ပြောင်နှင့် ဆွမ်းစားကျောင်းကြမ်းခင်းတို မိတ်ဆက်လိုက်ကြသည့်အသံကလည်း ဗြောက်အိုးအသေးစားတစ်လုံး ပေါက်ကွဲလိုက်သလိုပင်။

‘‘အား… ငါ… လ… အင်း… အာ… ငါကွာ… ’’

‘‘ကန်တော့ ကန်တော့… ဦးဇင်း ထထ… ’’

ဦးဇင်းထွန်းလှမှာ ဆဲမည်ပြင်ပြီးမှ သင်္ကန်းကိုမြင်သွား၍ထင့်။ မဆဲတော့ဘဲ နဖူးကိုသာ ပွတ်နေတော့သည်။ ဦးဇင်းအောင်ကိုမင်းကတော့ ပါးစပ်က တဖွဖွကန်တော့ရင်း ပန်းကန်ကွဲများကိုသာ လိုက်ကောက်နေချေတော့သည်တမုံ။ ။

နေဇင်(ပေါက်ခေါင်း)