ဟိန္ဒူရိုးရာ နှစ်ကူးပွဲတော်နေ့က ဖြူးချောင်းဆည်သို့ လာရောက် ရေချိုးကြသူများပြားခဲ့

ဇန်နဝါရီ ၁၅ ရက်နေ့တွင်ကျရောက်သော ဟိန္ဒူရိုးရာ နှစ်ကူးရေချိုးပွဲတော်နေ့တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် ဖြူးချောင်းဆည်သို့ လာရောက်ရေချိုးကြသူ များပြားခဲ့ကြောင်းသိရသည်။

“ဒီနေ့က ဟိန္ဒူကောက်သစ်စားပွဲတော် နှစ်သစ်ကူးနေ့ပေါ့၊ ရေချိုးပွဲပေါ့ အဓိကရေအရှင်မှာ မြစ်တွေဘာတွေမှာရေချိုးရတယ်လေ၊ တစ်ချို့က ဒီလိုနေ့ကို ရေချိုးပွဲတော်လို့လည်းခေါ်ကြတယ်လေ ကောက်သစ်စားရေချိုးပွဲတော်ပေါ့၊ အဓိကတော့ ရေရှိတဲ့နေရာသွားကြတာလေ ရေအရှင်ပေါ့၊ အရင်တုန်းကဆိုရင် ကရင်ပြည်နယ် သံတောင် ၁၃ မိုင်(ပသိချောင်း)က တအားစည်တာလေ တောင်ငူတစ်ဝိုက်က ဟိန္ဒူတွေက အဲ့ကိုပဲသွားကြတာများတယ်လေ။ အခုကတော့ အခြေအနေသိပ်မကောင်းတော့ သံတောင် ၁၃ မိုင်ဘက်ကိုသိပ်မသွားရဲကြဘူးလေ အရင်ကတော့ ဒီလိုနေ့ဆိုရင် သံတောင် ၁၃ မိုင်မှာ ဟိန္ဒူတွေချည်းပဲလေ၊ ဒီနေ့တော့ ဖြူးဘက်ကိုသွားကြတာများတယ် ဒီဘက်မှာက အခြေအနေမကောင်းလို့လေ” ဟု ဟိန္ဒူအမျိုးသားတစ်ဦးကပြောကြားသည်။

တစ်နှစ်မှတစ်ခါကျင်းပသော ဟိန္ဒူရိုးရာဖြစ်သည့် ကောက်သစ်စားရေချိုးပွဲတော်ကို နှစ်သစ်ကူးပြောင်းသည့်အနေဖြင့် ကျင်းပကြကြောင်း၊ နှစ်ဟောင်းမှအညစ်အကျေးများစွန့်လွှတ်သည့်အနေဖြင့် မြစ်ချောင်းများမှ စီးဆင်းနေသော
ရေအရှင်ဖြင့် ရေချိုးသန့်စင်ကြပြီး လာမည်နှစ်သစ်တစ်နှစ်ပတ်လုံးတွင် ကောင်းမွန်ခြင်းများရရှိမည်ဟု ယုံကြည်ပြီးကျင်းပကြကြောင်း၊ တစ်ချို့ ငွေကြေးတတ်နိုင်သော ဟိန္ဒူများက အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ်အထိ သွားရောက်ကြကာ ဟိန္ဒူရိုးရာ နှစ်သစ်ကူးရေချိုးပွဲတော်အား ကျင်းပလေ့ရှိကြောင်း သိရသည်။

(Credit to သတင်း – ဇော်ဝင်းချစ်(တောင်ငူ))