သမိုင်းထဲကသိုင်းပညာ ထိန်းသိမ်းရမှာဒို့ဝန်တာ

နွေရာသီအခါသမယသို့  ရောက်ရှိလာပြီဖြစ်သောကြောင့် နှစ်စဉ်ပြုလုပ်မြဲဖြစ်သည့်သင်တန်းများ ပြန်လည်အသက်ဝင်လာခဲ့သည်ကို တွေ့ရှိရသည်။  နွေကျောင်းပိတ်ချိန်  သုံးလတာကာလအတွင်း ကျောင်းသားလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေခြင်း အလို့ငှာ သက်ဆိုင်ရာအတန်းများအလိုက် ယဉ်ကျေးလိမ္မာသင်တန်းများ၊   အင်္ဂလိပ်စကားပြောသင်တန်းများနှင့် ကွန်ပျူတာ အခြေခံ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိနေသည့် မြင်ကွင်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးတွင် မြင်တွေ့နေရသည်။ ထိုသို့ စာရိတ္တပိုင်းနှင့် အတတ်ပညာပိုင်းများအပြင်  ကိုယ်ကာယကြံ့ခိုင်မှုနှင့် နိုင်ငံတော်ကာကွယ်ရေး အထောက်အကူပြုစေရန်  သိုင်းပညာ သင်တန်းများကိုပါ ဖွင့်လှစ်သင်ကြားလျက်ရှိသည်ကို တွေ့ရှိရသည်။ လူထုအကြားတွင် တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် မြန်မာ့သိုင်းပညာရပ်များ ပြန်လည်ပေါ်ထွန်းလာစေရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်ဖြင့် ၂၀၁၅ ခုနှစ်မှ စတင်ကာ လေ့ကျင့်မှုများ  ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။                                                                                                                                        

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့်အတူ မတူကွဲပြားသည့် အားကစားနည်းများလည်း ရှိကြသည်။ အားကစားပြိုင်ပွဲများတွင် ထိုင်ရာမထ ဉာဏ်အားတစ်ခုတည်းသာအသုံးပြုရသည့် ကစားနည်းများရှိသကဲ့သို့ တွန်းတွန်း တိုက်တိုက်ဖြင့် အသက်ကိုပါ အရင်းအနှီးပြုရသည့် ကာယအားအသုံးချ ပြိုင်ပွဲများလည်းရှိပါသည်။ ဂျူဒို၊ တိုက်ကွမ်ဒို၊ ကစ်ဘောက်ဆင် တို့မှသည် ယခုနောက်ပိုင်းခေတ်စားလာသည့် MMA ပြိုင်ပွဲများမှာ နိုင်ငံခြားကိုယ်ခံပညာ အားကစားများဖြစ်သည် ဆိုပါလျှင် မြန်မာ့ရိုးရာလက်ဝှေ့ပညာသည်လည်း မြန်မာတို့၏ ကိုယ်ပိုင်အားကစားနည်းတစ်ခုပင်ဖြစ်ပါသည်။ လက်ဝှေ့ပညာ သာမက သိုင်းပညာသည်လည်း မြန်မာတို့လေးစား  မြတ်နိုးတန်ဖိုးထားသော ပညာရပ်တစ်ခုပင်ဖြစ်ခဲ့သည်။ မြန်မာ့သိုင်း ပညာရပ် သည်    မြန်မာ့သမိုင်းစဉ်တွင် အရေးပါသော အခန်းကဏ္ဍမှပါဝင်ခဲ့ပြီး    ရှေးဘုရင်များလက်ထက်မှသည်     ကိုလိုနီနယ်ချဲ့များအား တိုက်ထုတ်ချိန်ထိ မြန်မာ့ဓား မြန်မာ့သိုင်းအစွမ်းတို့ဖြင့်  ရန်စွယ်ဟူသမျှချေမှုန်းခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များစွာ ရှိခဲ့သည်။                                  

သိုင်းပညာကို တီထွင်ခဲ့သည့်နိုင်ငံဟူ၍ တိတိကျကျ ခြေရာကောက်ရန်ခက်ခဲသည်။ မည်သည့်နိုင်ငံက ပိုင်ရှင်အစစ်ဟူ၍ မပြော နိုင်ပါချေ။ သိုင်းပညာပေါ်ပေါက်လာမှုနှင့် ပတ်သက်၍  အချို့က  တရုတ်နိုင်ငံမှ စတင်ပြန့်ပွားသည်ဟု ဆိုကြသည်။ အရှေ့တိုင်း သိုင်းပညာရှင်အချို့ကမူ ရှေးဟောင်းအိန္ဒိယပြည်ကြီးမှ သိုင်းပညာမူလအခြေတည်ခဲ့ပြီး အေဒီ(၃)ရာစုမှ (၅) ရာစုအတွင်း အိန္ဒိယ ပြည်တောင်ပိုင်းမှ တရုတ်နိုင်ငံသို့ ပြန့်ပွားခဲ့သည်ဟု ယူဆကြပြန်၏။ သိုင်းပညာကို အသုံးပြုသည့် နိုင်ငံအလိုက် မိမိတို့နိုင်ငံနှင့် သင့်လျော်ရာ သိုင်းကစားခြင်း  ဖန်တီးမှုအတတ်ပညာများဖြင့် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်ကို အတိတ်ကာလ  စက်မှုမထွန်းကားမီဖြစ်ပွားခဲ့သော စစ်ပွဲကြီးများက သက်သေခံလျက်ရှိသည်။ ရှေးရောမ၊ ပါရှား၊ ဘေဘီလုံခေတ်များမှ နယ်မြေ ကျူးကျော်မှု တိုက်ပွဲများကို ကြည့်လျှင်ဖြစ်စေ အာရှနိုင်ငံများရှိ ရှေးဘုရင်မင်းအဆက်ဆက်တိုက်ပွဲများကိုကြည့်လျှင်ဖြစ်စေ ဓား၊ လှံ၊ ဒိုင်း၊ လေးမြား တို့ကို ကျွမ်းကျင်စွာအသုံးပြုလျက် တိုက်ပွဲဝင်ခဲ့ကြသည့် ပုံရိပ်များကို မြင်တွေ့ရမည်ဖြစ်သည်။ မြန်မာ ရာဇဝင်တွင် မြင်းစီးကျွမ်းကျင်မှုနှင့် ဓားရေး၊ လှံရေး၊ မြားရေးအတတ် ပညာရပ်များထူးချွန်သည့် သူရဲကောင်းများစွာ ပေါ်ထွက်ခဲ့၏။ ပေါ်ထွန်းခဲ့ သော မြန်မာစစ်သူကြီးများနှင့် စစ်သည်ရဲမက်များသည် မိမိတို့ကျွမ်းကျင်ရာ သိုင်းပညာစွမ်းအတတ်ပညာများအလိုက် ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာတွင် ပုဂံခေတ် သမုဒ္ဒရာဇ်မင်း လက်ထက်ပေါ်ပေါက်ခဲ့သော ပျူစောထီး၏ လေးစွမ်းမှာ ယနေ့ ကာလတိုင် ကလေးငယ်များအတွက် အိပ်ရာဝင်ပုံပြင်သဖွယ်ရှိနေဆဲ ဖြစ်သည်။ နရပတိစည်သူမင်းလက်ထက်  ပုဂံသူရဲကောင်း ရန်မန်ငထွေး၏ ရဲစွမ်းသတ္တိကလည်း အံ့ဖွယ်ကောင်းလှသည်။ သက္ကရာဇ် ၅၃၆ ခုနှစ်တွင် နရပတိစည်သူမင်းကြီး နန်းတက်ပြီး နောက် ရေကြောင်းခရီးဖြင့် ချီတက်သည့် ခရီးတစ်ခုတွင် မိကျောင်းတစ်ကောင်မှ ဖောင်တော်အား အန္တရာယ်ပြုလာရာ ရန်မန်ငထွေးသည် သန်လျက်ကိုင်လျက် ရေသို့ဆင်းပြီး မိကျောင်းနှင့် တိုက်ခိုက်လေသည်။ ရန်မန်ငထွေး၏လက်ချက်ဖြင့် မိကျောင်းသေဆုံးခဲ့ရသည်။ မိကျောင်းကိုအောင်မြင်ပြီးနောက် ကျား၊ ဆင်တို့နှင့် ယှဉ်ပြိုင်စေရာတွင်လည်း ရန်မန်ငထွေးသာ အနိုင်ရသဖြင့် နရပတိစည်သူ မင်းကြီးက “အနန္တသူရိယ” ဟူသော ဘွဲ့ကို ချီးမြှင့်ခဲ့ပါသည်။   (မှတ်ချက်-   နရပတိစည်သူမင်းကြီးလက်ထက် အနန္တသူရိယဘွဲ့ရ သည့် ရန်မန်ငထွေးနှင့် သူတည်းတစ်ယောက် မျက်ဖြေလင်္ကာရေးသည့် အနန္တသူရိယအမတ်ကြီးတို့မှာ တစ်ဦးစီဖြစ်ပါသည်။)

မြန်မာရာဇဝင်တွင် နိုင်ငံတော်ကို တည်ထောင်ခဲ့သည့် အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား ဦးအောင်ဇေယျတို့ကဲ့သို့   ထူးချွန်ထက်မြက်သော မင်းများလက်ထက် စစ်သူရဲကောင်းများစွာ ပေါ်ထွက်ခဲ့၏။  ကျန်စစ်သား၊  ငထွေရူး၊  ငလုံးလက်ဖယ်၊ ညောင်ဦးဖီး၊  အလောင်းစည်သူ၊  ငါးစီးရှင်ကျော်စွာ၊ တပင်ရွှေထီး၊  နတ်သျှင်နောင်၊  အုတ်လှညီနောင်၊ ရာဇာဓိရာဇ်၊ မင်းရဲကျော်စွာ၊ မဟာဗန္ဓုလ၊ လဂွန်းအိမ်၊ အဲမွန်ဒယာ၊ သမိန်ဗရမ်း၊ မြဝတီမင်းကြီးဦးစ အစရှိသော သူရဲကောင်းများမှသည်   အင်္ဂလိပ်-မြန်မာ ကျူးကျော်စစ်ပွဲများအတွင်း ပေါ်ပေါက်ခဲ့သည့် မြန်မာသူရဲကောင်းများသည် သိုင်းပညာကိုအခြေခံလျက် မိမိတို့ကျွမ်းကျင်ရာ စစ်နည်းဗျူဟာများအလိုက် ခေတ်အဆက်ဆက် ကျူးကျော်သူနယ်ချဲ့များကို ဇာတိသွေး ဇာတိမာန်ထက်သန်စွာ ခုခံတွန်းလှန် ခဲ့ကြသူများပင်ဖြစ်ပါသည်။                                    

သိုင်းဟူသောဝေါဟာရအား လေ့လာကြည့်ရာ “ခုခံတိုက်ခိုက်သော ကိုယ်ခံပညာ” ဟု မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားသည်ကို တွေ့ရှိရ၏။ မြန်မာ့ဓားကို ကျစ်ကျစ်ပါအောင်ဆုပ်လျက် မြန်မာ့သိုင်းကွက်ကိုနင်းခဲ့ကြသော မျိုးချစ်များအား ဗြိတိသျှကိုလိုနီ နယ်ချဲ့များက  ခေါင်းမဖော်   ခါးမဆန့်နိုင်အောင် ဖိနှိပ်မှုပြုခဲ့ကြသဖြင့်   မြန်မာတို့  ချစ်ခင်မြတ်နိုး တန်ဖိုးထားခဲ့ကြသော ဓားရေး လှံရေး သိုင်းပညာများ မှေးမှိန်ခဲ့ရသည်။ လက်နက်ကိုင်ဆောင်ခွင့်ပိတ်ပင်ထားသော ဗြိတိသျှတို့၏ တားမြစ်ချက်ကြောင့်     နှစ်ကာလ ကြာမြင့်လာသည်နှင့်အမျှ  သိုင်းပညာတတ်ကျွမ်းသည့် မျိုးချစ်ပုဂ္ဂိုလ်များ တဖြည်းဖြည်း လျော့ပါးသွားခဲ့ရသည်။    လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်သည့်ကာလအတွင်း ပေါ်ပေါက်ခဲ့သည့် နိုင်ငံရေးလှုပ်ရှားမှုများမှ ထင်ရှားသော သိုင်းဆရာကြီးများ ရှိခဲ့သည်။   ရှမ်းတရုတ်  ဦးဘရင်၊ ရဲဦးဘသွင်၊ ဦးမေဓာ၊ ဦးမိုးတို့ လေးဦးဖြစ်၏။

ရှမ်းတရုတ် ဦးဘရင်သည် ဂျီစီဘီအေ နိုင်ငံရေးဟောပြောပွဲများ၌ ဓားကိုဝင့် တုတ်ကိုပင့်လျက် အမျိုးသားရေးစိတ်ဓာတ်များ    မြှင့်တင်ပေးခဲ့ရာ ကြားရမြင်ရသူများအတွက် ဇာတိသွေး ဇာတိမာန်များ တက်ကြွစေခဲ့ကြသည်။   ရဲဦးဘသွင်သည်   မြို့မရဲတပ်နှင့် ဦးမောင်ကြီး၏   ရဲတပ်ဖွဲ့ဝင်များအား သိုင်းပညာဖြန့်ဖြူးပေးခဲ့သောကြောင့်   ရဲဘသွင်ဟု နာမည်ကြီးခဲ့၏။ ဦးမေဓာနှင့် ဦးမိုးတို့သည် လည်း ဗြိတိသျှတို့၏  တင်းကျပ်သော တားမြစ်ချက်များကို စွန့်စားတိမ်းရှောင်ပြီး   မြန်မာမျိုးချစ်လူငယ်များအား သိုင်းပညာများ   တိတ်တဆိတ်သင်ကြားပေးခဲ့ကြရသည်။ ထိုခေတ်အခါက   သိုင်းပညာသင်သည်ဟု အစိုးရကသိသွားပါက    သင်ပေးသူနှင့် သင်ယူသူ နှစ်ဦးစလုံး မသက်သာကြပါပေ။   ထို့နောက်ပိုင်း တောင်သူလယ်သမားအရေးတော်ပုံနှင့် ၁၃၀၀ ပြည့်ချောက်ရေနံမြေ သပိတ် အရေးတော်ပုံကာလများအတွင်း ထင်ရှားသော သိုင်းဆရာကြီးများ ထပ်မံပေါ်ပေါက်ခဲ့သည်။ နယ်ချဲ့ဗြိတိသျှများ တိုင်းပြည်မှ ဆုတ်ခွာသွားချိန်၌ မြန်မာ့သိုင်းပညာ လွတ်လပ်စွာသင်ကြားခွင့်ရခဲ့သည်။  ၁၉၄၄ ခုနှစ်တွင်  ဒေါက်တာဘမော် အစိုးရက ကြီးမှူးပြီး မြန်မာပြည်လုံးဆိုင်ရာ သိုင်းပြိုင်ပွဲကြီးကို ကျင်းပပေးနိုင်ခဲ့သည်။

                           ဖက်ဆစ်ဆန့်ကျင်ရေးကာလတွင် တပ်မတော်နှင့်ပြည်သူလက်တွဲလျက်  ဓားကိုလည်းကိုင်  သေနတ်လည်း ကိုင်ပြီး တော်လှန်တိုက်ခိုက်ခဲ့ကြရာ နောက်ဆုံးတွင်  ဖက်ဆစ်နယ်ချဲ့များ အမိမြေပေါ်မှ အပြီးတိုင်ထွက်ခွာသွားခဲ့ကြရသည်။   လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ်မှာပင် ဗမာနိုင်ငံလုံးဆိုင်ရာ သိုင်းသမားများအစည်းအရုံးကြီးကို စနစ်တကျဖွဲ့စည်းနိုင်ခဲ့ပြီး လွတ်လပ်ရေးကြိုးပမ်းမှုတွင်ပါဝင်ခဲ့ကြသော သိုင်းဆရာကြီးများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေး ရပြီးသည့်နောက်ပိုင်း သိုင်းပြိုင်ပွဲများအား ၁၉၄၈၊ ၁၉၅၁၊ ၁၉၅၂ ခုနှစ်တို့တွင် ကျင်းပနိုင်ခဲ့သည်ကို တွေ့ရှိရသည်။ သို့သော်ငြား ထိုကာလ ပြည်တွင်းရေး အခြေအနေများကြောင့် အချင်းချင်း မညီမညွတ်မှုများ ဖြစ်ပေါ်ခဲ့ရာမှအစပြု၍ မြန်မာ့သိုင်းပညာသည်လည်း တစ်စတစ်စ ယိုယွင်း ခဲ့ရပြန်ပါသည်။ ထိုသို့ဖြင့် မြန်မာ့သိုင်းပညာသည် ပြောင်းလဲလာသော နိုင်ငံရေးအခြေအနေနှင့် အစိုးရအဆက်ဆက်၏ အကူး အပြောင်းများကြား မြုပ်ချည်တစ်ခါ ပေါ်ချည်တစ်လှည့်ဖြင့်ရှိခဲ့ရ၏။

သမိုင်းအထောက်အထားများအရ ပုဂံခေတ်မှအစပြု၍ သက်တမ်းထောင်ချီခဲ့ပြီဖြစ်သော မြန်မာ့သိုင်းပညာရပ်သည် ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်အရပ် ကိုယ့်ဇာတ်နှင့်လျော်ညီစွာ ပုံသွင်းကြိုးစားရင်း သမိုင်းအဆက်ဆက်ကို ဖြတ်သန်းခဲ့ပြီးဖြစ်သည်။ မြန်မာ့ရိုးရာ သိုင်းပညာသည် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေး၊ ကြံ့ခိုင်ရေးနှင့် သာယာပျော်ရွှင်ရေးတို့အတွက်သာမက တိုင်းပြည် ကာကွယ်ရေးအတွက်ပါ အထောက်အကူပြုသည့်  ကစားနည်းတစ်ခုဖြစ်ကြောင်း တွေ့ရှိရသည်။

တစ်နည်းအားဖြင့် အမိနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူတို့၏ ဇာတိသွေး ဇာတိမာန်များကို လက်တွေ့ပြသသည့် ပညာရပ်တစ်ခုလည်းဖြစ်၏။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သူမှန်ပါလျှင် ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိပေသည်။ ဒို့တာဝန်အရေးသုံးပါးဟူသည် တပ်မတော်သားတို့တွင်သာ အဓိက တာဝန်ရှိသည်ဟု မှတ်ယူ၍မရပါချေ။ ဒို့တာဝန်အရေးသုံးပါး၏ ကျယ်ပြန့်လေးနက်မှုကို နားလည်ရန်လိုအပ်သည့်အပြင်  အရွယ် ရောက်ပြီးသူ လူငယ်လူရွယ်များအနေဖြင့်လည်း အခြားသောနိုင်ငံတကာ ကိုယ်ကာယကြံ့ခိုင်မှုကစားနည်းများကို နှစ်ခြိုက် သဘောကျသည့် အားလျော်စွာ မြန်မာ့သိုင်းပညာကိုလည်း အားကျလေးစားရမည်ဖြစ်ပါသည်။ ထိုအရာသည် စစ်မှန်သော မျိုးချစ်စိတ်ကို ဖော်ဆောင်ခြင်းပင်ဖြစ်ပါ၏။ တပ်မတော်အနေဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် တပ်မတော်(ကြည်း၊ရေ၊လေ) မြန်မာ့သိုင်း ပြိုင်ပွဲကြီးအား  ကျင်းပခဲ့ပြီး မြန်မာ့ရိုးရာအမွေအနှစ်သိုင်းပညာများ မပျောက်ပျက်သွားစေရေး ဆောင်ရွက်နိုင်ခဲ့သည်။ ယနေ့ကာလ တိုင်အောင်လည်း တိုင်းစစ်ဌာနချုပ်များ၊ တပ်မတော်လေ့ကျင့်ရေး သင်တန်းကျောင်းများတွင် မြန်မာ့သိုင်းပညာရပ်ကို လေ့ကျင့် သင်ကြားပေးလျက် ရှိသည်။ ထိုထက်မက   မြန်မာ့သိုင်းပညာကို နိုင်ငံတစ်ဝန်း  ပိုမိုကျယ်ပြန့်စွာ ပြန်လည်ဖော်ထုတ် နိုင်မည်ဆိုပါ လျှင်  ကောင်းမြတ်သောရိုးရာအမွေကိုခံယူခြင်းဖြစ်သည့်အပြင်  စစ်မှန်သော မျိုးချစ်စိတ်နှင့် ဇာတိသွေးဇာတိမာန်ထက်သန်သည့် လူငယ်လူရွယ်များလည်း ပေါ်ထွက်လာမည်ဖြစ်ပေသည်။  ထိုကဲ့သို့သော လူငယ်လူရွယ်များ၏ စုပေါင်းအားဖြင့်သာ ငြိမ်းချမ်း သာယာပြီး တိုးတက်ထွန်းကားသော နိုင်ငံတော်ကြီးတစ်ခုကို ထူထောင်နိုင်မည်ဖြစ်သဖြင့် အမွေကောင်းများကို လက်ဆင့်ကမ်း ထိန်းသိမ်း ရမည်မှာ ကျွန်ုပ်တို့အားလုံး၏  တာဝန်ပင်ဖြစ်ပေသည်။   ။