ဝိဇ္ဇာဘာသာတွဲဖြင့် တစ်နိုင်ငံလုံး အဆင့်(၄)ရရှိခဲ့သည့် မစုမြတ်လင်းအား ဂုဏ်ပြုငွေကျပ်သိန်း ၁၀၀ ချီးမြှင့်

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိဇ္ဇာဘာသာတွဲဖြင့် (၅) ဘာသာဂုဏ်ထူးရရှိကာ နိုင်ငံတော်အဆင့်(၄)ရရှိခဲ့သည့် ပဲခူးတိုင်းဒေသကြီးမှ မစုမြတ်လင်းအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အလှူရှင်များက ယနေ့ ဇွန် (၂၅) ရက် နေ့လယ်ပိုင်းတွင် ဂုဏ်ပြုငွေ ကျပ်သိန်း (၁၀၀) ကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို သာယာဝတီမြို့ရှိ တည်ဆောက်ရေး (၉) ခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပဲခူးတိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ဂုဏ်ပြုထောက်ပံ့ငွေကျပ် (၈၀) သိန်း၊ သာယာ၀တီမြို့နယ်၊ ရွှေဝတီကိုယ်ပိုင်အထက်တန်း၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းကြည်က ဂုဏ်ပြုထောက်ပံ့ငွေ ကျပ် (၅) သိန်း၊လက်ပံတန်းမြို့နယ်၊ လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက ဂုဏ်ပြုထောက်ပံ့ငွေကျပ် (၃) သိန်းတို့ကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်ဟုဆိုသည်။

ထို့ပြင် မင်းလှမြို့နယ်နေ ဦးလှထွေးမှ ဂုဏ်ပြုထောက်ပံ့ငွေကျပ် (၃) သိန်း၊ မိုးညိုမြို့နယ်နေ ဦးဝေယံမိုးမှ ဂုဏ်ပြုထောက်ပံ့ငွေကျပ် (၃) သိန်း၊ အုတ်ဖိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးအောင်ကိုမှ ဂုဏ်ပြုထောက်ပံ့ငွေကျပ် (၃) သိန်း၊ ကြို့ပင်ကောက်မြို့နယ်နေ မြို့မိမြို့ဖ ဦးသိန်းဝင်းမှ ဂုဏ်ပြုထောက်ပံ့ငွေကျပ် (၃) သိန်းကျပ် အသီးသီး ဂုဏ်ပြုချီးမြှင့်ခဲ့ကြကြောင်းလည်း သိရသည်။