ဝက်သတ်သမား

ရာဇဂြိုဟ်ပြည်၌ စုန္ဒ အမည်ရှိသော ဝက်သတ်သမား တစ်ယောက်ရှိသည်။ သူသည် ဝက်များကို နေ့စဉ်သတ်ဖြတ်၍ အသားများကို ရောင်းချ အသက်မွေးသည်။ ဆန်စပါး ရှားပါးသော အချိန်များ၌ စုန္ဒသည် သူ အဆင်သင့် ဝယ်ယူစုဆောင်းထားသော ဆန်စပါးများကို လှည်းဖြင့် တင်ဆောင်ပြီး ကျေးရွာများသို့ လှည့်လည်ကာ ဝက်ငယ်ကလေးများကို ဆန်စပါးဖြင့် အလဲအလှယ် ပြုလေသည်။ ဆန်တစ်ပြည်တစ်ခွက် ပေးရုံမျှဖြင့်ပင် ဝက်တစ်ကောင် ရနိုင်သောကြောင့် လှည်းတစ်စီးတိုက်စာ ဝက်ကလေးများကို အလွယ်တကူ ရရှိလေသည်။


စုန္ဒသည် ထိုသို့ ဝယ်ယူရရှိသော ဝက်ကလေးများကို အိမ်နောက်ဖေး၌ ဝက်ခြံပြုလုပ်၍ မွေးထားသည်။ ထို ဝက်ကလေးများ ကြီးပြင်းလာသောအခါ သတ်လိုသော ဝက်ကို ရွေးချယ်၍ တိုင်တစ်တိုင်၌ ကြိုးဖြင့် မလှုပ်နိုင်အောင် ချည်နှောင်သည်။ အသားတိုးပွားလာစေရန်အတွက် ထိုဝက်ကို တင်းပုတ်ဖြင့်လည်း ကြိမ်ဖန်များစွာ ရိုက်နှက်သည်။


ထို့နောက် ဝက်၏ ပါးစပ်ကို ဖွင့်၍ အာခေါင်ကို တုတ်ဖြင့် ထောက်ထားပြီး ကျိုက်ကျိုက်ဆူသော ရေနွေးကို ဝက်ပါးစပ်ထဲသို့ လောင်းထည့်သည်။ ထိုအခါ ဝက်၏ ဝမ်းထဲ၌ရှိသော အညစ်အကြေးများသည် ရေနွေးနှင့်အတူ မျောပါ၍ စတိုဝမှ ထွက်သွားကြလေသည်။ ဤနည်းဖြင့် ဝက်၏ ဝမ်းတွင်းကို သန့်ရှင်းစေပြီး ကိုယ်ပေါ်မှ အမွေးများကို ကျွတ်စေရန် ရေနွေးဖြင့် လောင်းသည် မီးဖြင့်လည်း ရှို့မြိုက်သည်။
ဤသို့ ပြုလုပ်ပြီးနောက် အလွန်ထက်မြက်သော ဓားဖြင့် ဝက်၏ ခေါင်းကို တစ်ချက်တည်းဖြတ်သည်။ ခေါင်းမှ စီးကျသော သွေးများကို ခွက်ဖြင့်ခံထားပြီး အသားနှင့်ရော၍ ချက်စေသည်။ ကျက်သောအခါ သူတစ်ယောက်တည်း မြိန်ရှက်စွာ စားသည်။ ကျန်သော အသားများကိုမူ ဈေးသို့သွား၍ အရောင်းခိုင်းသည်။


စုန္ဒသည် ဤသို့ နေ့စဉ် ပြုလုပ်၍ အသက်မွေးလာခဲ့ရာ အသက် (၅၅)နှစ်အရွယ်သို့ ရောက်လာသည်။ ထိုကာလအတွင်း ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသော ဗုဒ္ဓမြတ်စွာအား ပန်းတစ်ဆုပ်မျှဖြင့်ပင် မပူဇော်ခဲ့ဖူးချေ။ ရဟန်းသံဃာတို့အားလည်း ဆွမ်းတစ်ဇွန်းမျှပင် မလောင်းခဲ့ဖူးချေ။


တစ်နေ့သ၌ ထိုဝက်သတ်သမား စုန္ဒမှာ ထူးဆန်းသော ရောဂါတစ်ခု စွဲကပ်လာသည်။ သူ၏ ကိုယ်သည် တစ်စ တစ်စ ပူလာရာမှ တစ်ကိုယ်လုံး မခံမရပ်နိုင်အောင် ပြင်းပြစွာ ပူလောင်လာသောကြောင့် မအိပ်နိုင် မထိုင်နိုင် ဖြစ်လာသည်။ ဝက်ကဲ့သို့ အော်မြည်လျက် လေးဘက်ထောက်ကာ ပြေးလွှားနေသည်။ ဘေးမှ လူများက သူ့ပါးစပ်ကို လက်ဖြင့် ဝိုင်း၍ ပိတ်ထားကြသော်လည်း မနိုင်ကြချေ။ အသံမစဲအောင် အမြဲ အော်၍ နေလေသည်။ အိမ်ပြင်ဘက်သို့ ထွက်မသွားစေရန် ဝင်းခြံတံခါးကို ပိတ်ထားပြီး လူများကလည်း အမြဲမပြတ် စောင့်ကြပ်နေကြရသည်။


အိမ်ပြင်ဘက်မှ လူများကမူ စုန္ဒသည် အိမ်တံခါးပိတ်၍ ဝက်များကို သတ်နေသည်ဟုသာ ထင်မှတ်ကြသည်။ စုန္ဒသည် ဤသို့သော နည်းဖြင့် ခုနစ်ရက်တိုင်အောင် ပြင်းပြသော ဝေဒနာကို မချိမဆန့် ခံစားပြီး ခုနစ်ရက်မြောက်သော နေ့တွင် သေလွန်၍ အဝီစိ ငရဲသို့ ကျရောက်လေ၏။
ရာဇဂြိုဟ်မြို့တွင်း ဆွမ်းခံရင်း စုန္ဒ၏ အိမ်အနီးသို့ ရောက်ခဲ့ကြသော ရဟန်းတို့သည် ဝေဠုဝန်ကျောင်းသို့ ပြန်ရောက်သောအခါ ဗုဒ္ဓမြတ်စွာအား ဤအကြောင်းကို လျှောက်ကြားကြသည်။


“အရှင်ဘုရား..ဝက်သတ်သမား စုန္ဒ၏ အိမ်မှ ဝက်များ အဆက်မပြတ် အော်မြည်နေသည်ကို ကြားကြရပါသည်၊ စုန္ဒသည် ဝက်များကို ကြမ်းတမ်းရက်စက်စွာ သတ်ဖြတ်နေဟန် ရှိပါသည်”
“ရဟန်းတို့.စုန္ဒ၏ အိမ်၌ ဝက်များကို သတ်ဖြတ်နေသည်မဟုတ်၊ စုန္ဒ ကိုယ်တိုင် သူပြုလုပ်ခဲ့သော အကုသိုလ်ကံတို့၏ အကျိုးကို ခံစားလျက် ဝက်ကဲ့သို့ အော်မြည်နေရခြင်း ဖြစ်ပေသည်”
ဗုဒ္ဓမြတ်စွဦသည် ဤသို့ မိန့်ကြားတော်မူပြီး ထိုရဟန်းတို့အား-

“မကောင်းမှုကို ပြုလုပ်သူသည် ဤဘဝ၌လည်း စိုးရိမ်ရ၏၊ နောင်ဘဝ၌လည်း စိုးရိမ်ရ၏၊ ပစ္စုပ္ပုန် တမလွန် နှစ်ဘဝလုံး၌ စိုးရိမ်ရ၏၊ မိမိ၏ ညစ်နွမ်းသော ကံကို သိမြင်၍ ထိုသူသည် စိုးရိမ်ခြင်း ဆင်းရဲပင်ပန်းခြင်းသို့ ရောက်ရ၏”
ဟူသော ဒေသနာကို ဟောကြားတော်မူသည်။ ထိုဒေသနာအဆုံး၌ များစွာသော ရဟန်းရှင်လူတို့ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရရှိသွားကြလေသည်။
(၁-မယကဝဂ်၊ ၁၀-စုန္ဒ သူကရိကဝတ္ထု)

ဓမ္မာစရိယ ဦးမောင်မောင်လေး(ဗုဒ္ဓ၏ ကိုယ်တွေ့ဝတ္ထုများ)