လဲချားမြို့ ဈေးအတွင်းရှိ “ခမ်းလီ” ရွှေဆိုင် ဓားပြတိုက်ခံရ

(ဇန်နဝါရီလ ၃ ရက်) နေ့လယ် ၂ နာရီခွဲခန့်က လဲချားမြို့ ရပ်ကွက်(၃)မြို့မ ဈေးတွင် ဦးအောင်ထူး ပိုင်ဆိုင်သည့်ဖွင့်လှစ်ထားသော “ခမ်းလီ”ရွှေဆိုင်ကို အမည်မသိ အမျိုးသားတစ်ဦးက သေနတ်ဖြင့်ခြိမ်းခြောက်ပြီး ဆိုင်အတွင်းရှိ ရွှေ ၃ ကျပ်သားခန့်နှင့် ငွေသားများကို ဓားပြတိုက် လုယူသွားကြောင်း လဲချားမြို့ ဒေသခံများထံမှ သိရှိရပါတယ်။

လဲချားမြို့ရှိ “ခမ်းလီ”ရွှေဆိုင်ကို ‌ သေနတ်ဖြင့်ခြိမ်းခြောက်ပြီး ဓားပြတိုက်ခံရမှုကြောင့် ၂ ကျပ်သားခန့်ရှိ  ရွှေဆွဲကြိုးတစ်ကြိုးနှင့် ၄ မူးခန့်ရှိ ရွှေလက်စွပ် ၃ ကွင်း ကာလတန်ဖိုးသိန်းတစ်ရာကျော် လုယူခံခဲ့ရကြောင်းနှင့်လက်ရှိအချိန်ထိ ပြစ်မှုကျူးလွန်သည့် အသက် ၅၀ နှစ်ခန့်ရှိ အမျိုးသားကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၇) ရက်ကလည်း လွိုင်လင်မြို့နယ် ပင်လုံမြို့ရှိ စျေးအရှေ့ဘက်တွင် ဖွင့်လှစ်ထားသော လျှပ်စစ်ပစ္စည်းနှင့် ဖုန်းအပိုပစ္စည်းအရောင်းဆိုင်ကို အမည်မသိ လူတစ်စုက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဆိုင်ရှင်အပါအဝင် (၄) ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။