လူဆိုတာ

အထိန်းအကွပ်လေးနဲ့နေရတယ်။
အတွေးသုံးမျိုးကို မတွေးနဲ့ ။
မကောင်းတဲ့အတွေးဟာ ဘာလဲဆိုရင်
သူများပစ္စည်း ကိုယ့်ပစ္စည်း ဖြစ်ချင်တဲ့အတွေး၊
ဒါကို အဘိဇ္စျာ လို့ခေါ်တယ် ။

သူများပစ္စည်းကို ကိုယ်ပိုင်ဆိုင်ချင်တဲ့အတွေးဟာ
ဘာကို ဖြစ်စေတတ်တဲ့အတွေးလဲ
သူခိုး ဓားပြ ဖြစ်စေတဲ့အတွေး မဖြစ်ဘူးလား။
အဲဒီအတွေးဟာ အန္တရာယ်ရှိတဲ့အတွေး၊
အကုသိုလ်အတွေး၊ မနောဒုစရိုက်လို့ ခေါ်တယ် ။

နောက်
ဗျာပါဒ ဘာလဲဆိုရင်
ကိုယ်နဲ့ မတည့်တဲ့ လူတစ်ယောက်
စိတ်ထဲပေါ်လာရင် ” ဟာ ဒီကောင်
သေသွားရင် ကောင်းမှာပဲ၊ ဒီကောင်
စီးပွားတွေ ပျက်သွားရင် ကောင်းမှာပဲ၊
ဒီကောင် ဒုက္ခရောက် ထောင်ကျသွားရင်
ကောင်းမှာပဲ ” ဆိုတဲ့ အတွေး၊
အဲဒီအတွေးကို ဗျာပါဒအတွေးလို့ ခေါ်တယ် ။

နောက်တစ်ခုက မိစ္ဆာဒိဌိ
မိစ္ဆာဒိဌိဆိုတာ ကိုယ်လုပ်တာ
ကိုယ်နဲ့ဆိုင်တယ်လို့ မတွေးဘူး။
ကောင်းတာလုပ်လည်း ကောင်းတာမဖြစ်ပါဘူး။
မကောင်းတာလုပ်လည်း ကောင်းတာဖြစ်တာပဲ။
မကောင်းတဲ့လူတွေ ကြီးပွားနေတာရှိတာပဲ။
ကောင်းတဲ့လူတွေ ဒုက္ခရောက်နေကြတယ်
စသည်ဖြင့် ကံကို မျက်စိလည်နေကြတယ် ။

တကယ်တော့ မကောင်းတာလုပ်ပြီး
ကြီးပွားနေတာတွေဟာ တစ်ချိန်တုန်းက
ကောင်းတာလုပ်ခဲ့လို့ ကောင်းကျိုးကို
ခံစားနေရတယ်လို့ ဒီလိုတွက်ရမယ်။
ကိုယ်က အခုမှ ကောင်းတာတွေ လုပ်တာ။
အကျိုးမပေးသေးဘူး။
အခုမှ သရက်ပင်စိုက်တာ
သရက်သီး စားရပါ့မလား မစားရပါဘူး
ကောင်းတာ အခုမှလုပ်တာ
မကောင်းတာတွေ ကြုံနေရတယ်။
အတိတ်က မကောင်းတာတွေ
ဘယ်လောက် လုပ်ခဲ့မှန်းမှမသိတာ ။

အဲဒါကြောင့် မှန်ကန်တဲ့အတွေးမှာ
ကံဆိုတာရှိတယ်။
ကံနှင့် ကံအကျိုးကို
ငြင်းပယ်တဲ့ပုဂ္ဂိုလ်ဟာ
မိစ္ဆာဒိဌိ အမြင်ရှိသူသာဖြစ်တယ် ။

အဲဒီလို မိစ္ဆာဒိဌိ အယူဝါဒရှိတဲ့
ပုဂ္ဂိုလ်တစ်ယောက်ဟာ
ကောင်းရာသုဂတိတောင် မရောက်နိုင်ဘူးတဲ့။
သူသွားရမယ့်လမ်းကတော့
အပါယ်လေးဘုံပဲ။

ဘာလိုတုန်းဆိုတော့
သူက ကံကိုငြင်းပယ်ထားတော့
သူလုပ်ချင်ရာ လုပ်တော့မှာလေ။

လူဆိုတာ အထိန်းအကွပ်ကလေးနဲ့ နေရတယ်။
အထိန်းအကွပ်မရှိဘဲ လုပ်ချင်တာ လုပ်ဆိုရင်
မကောင်းတာပဲ လုပ်ကြတော့မယ်။
ကောင်းတာဆိုတာ ရေဆန် လှော်ခတ်ရတာနဲ့တူတယ်။ မကောင်းတာလုပ်တယ်ဆိုတာ
ရေစုန်နဲ့တူတယ် လွယ်တယ်၊ မျှောချရုံပဲ ။

ဒ့ါကြောင့်မို အတွေးနဲ့ ပတ်သက်လာရင်
ခုနပြောတဲ့ အတွေးတွေ မတွေးနဲ့တဲ့။

🌷🙏🙏🙏🙏🙏🌷

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး

ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ