လက်မောင်းကပ်ခြင်းအကြောင်းသိကောင်းစရာ

လက်မောင်းကပ်တယ်ဆိုတာ လက်မောင်းဆစ်က နာပြီးတော့ လှုပ်မရတဲ့အတွက် အဆစ်ကို တောင့်သွားစေတတ်တဲ့ အခြေအနေမျိုးပါ။ အရမ်းဆိုးလာခဲ့ရင် လက်မောင်းရဲ့လှုပ်ရှားမှု လုံးဝကြီးတောင့်တင်းသွားပါလိမ့်မယ်။ လက်မောင်းကပ်ခြင်း (Frozen Shoulder) ကို လက်မောင်းအကာ ရောင်ရမ်းခြင်း (Adhesive Capsulitis) လို့လည်း ခေါ်ပါတယ်။

>>  လက်မောင်းကပ်ခြင်းရဲ့ လက္ခဏာတွေကတော့ –
အဓိက,ကတော့ လက်မောင်းက နာကျင်ပြီး လှုပ်မရဘဲ တောင့်နေတာနဲ့ လာတတ်ပါတယ်။ လက္ခဏာတွေအနေနဲ့ကလည်း ဘာမှသိပ်ထူးထူးခြားခြားမဖြစ်လောက်အောင် ပျော့တဲ့အခြေအနေကနေ အဝတ်အစားလဲတာ၊ ကားမောင်းတာတွေတောင် မလုပ်နိုင်လောက်အောင် ဆိုးရွားတဲ့အခြေအနေတွေအထိ ရှိနိုင်ပါတယ်။

>>  လက်မောင်းကပ်တဲ့ အကြောင်းရင်းတွေကတော့ –
လက်မောင်းအဆစ်နားတစ်ဝိုက်ကတစ်သျှူးတွေ ရောင်ရမ်းပြီး လက်မောင်းလှုပ်ရှားမှုကို တားဆီးတဲ့အခါ လက်မောင်းကပ်တယ်ဆိုတဲ့အခြေအနေ ဖြစ်လာပါတယ်။ အရင်က လက်မောင်းဆစ်ခွဲစိတ်ဖူးတာ၊ ဒဏ်ရာရဖူးတာ၊ ဆီးချို၊ နှလုံးရောဂါ၊ လေဖြတ်၊ လက်နဲ့လက်ချောင်းတွေကွေးကောက်တဲ့ရောဂါ စသဖြင့် လက်မောင်းကပ်စေတဲ့ အောက်ခံအကြောင်းရင်းတွေ အများကြီးရှိပါတယ်။

>>  လက်မောင်းကပ်ခြင်းကို ကုသတဲ့အခါ –
လက်မောင်းကပ်တာကို သိနိုင်ဖို့က လက်မောင်းဆစ်ရဲ့ လှုပ်ရှားမှုကိုစမ်းသပ်မှုတွေ ပြုလုပ်ရပါမယ်။ တစ်ခါတလေ ဓာတ်မှန်တွေ၊ သံလိုက်ဓာတ်မှန်တွေနဲ့ စစ်ဆေးဖို့လည်း လိုအပ်ပါတယ်။ လက်မောင်းကပ်တာဟာ အရှင်းပျောက်ဖို့ ၁၈ လကနေ ၂၄ လ လိုပေမယ့် ဒီအတောအတွင်းမှာတော့ နာတာကျင်တာတွေ၊ လက္ခဏာတွေ သက်သာဖို့ ကုသမှုတွေ ပြုလုပ်နိုင်ပါတယ်။
ကုသမှုကတော့ အဓိကအားဖြင့် ရောင်ရမ်းတာကို သက်သာစေပြီး လက်မောင်းဆစ်လှုပ်ရှားမှုကို တတ်နိုင်သလောက်လုပ်နိုင်ဖို့ ရည်ရွယ်ပါတယ်။ ဥပမာအားဖြင့် အကိုက်အခဲပျောက်ဆေး၊ စတီးရွိုက်ထိုးဆေးတွေနဲ့ လေ့ကျင့်ခန်းတွေလုပ်ဖို့ လိုအပ်ပါတယ်။ ၆ လကြာတဲ့အထိ မသက်သာတော့မှသာလျှင် ခွဲစိတ်ကုသဖို့ကို စဉ်းစားပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)