ရှမ်းပြည်နယ်တွင် ကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊လွိုင်လင်မြို့နယ်တွင် ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း ဖမ်းဆီးရမိ ကြောင်းမြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၁ ရက်နေ့ ညနေပိုင်း လွိုင်လင်-တောင်ကြီးသွားကားလမ်းပေါ်မှာရှိသည့် ဟိုတင့်ကျေးရွာအနီးတွင် လွိုင်လင်မှ တောင်ကြီးဘက်သို့ မောင်းလာသည့် Super Custom မော်တော်ယာဉ်ကို သတင်းအရရှာဖွေစဥ်ဖမ်းဆီး ရမိခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

အဆိုပါ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်း သိမ်းဆည်းရမိခဲ့ပြီးယာဥ်မောင်းအိုက်ဆန်ကို စစ်ဆေး မေးမြန်းချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများအား ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့မှ ဟိုပုံးမြို့သို သယ်ဆောင်ခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါယာဥ်မောင်းအိုက်ဆန်ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှထုတ်ပြန်ထားသည်။