ရရာလက်နက်စွဲကိုင်ပြီး AA အဖွဲ့ကိုပြန်တိုက်မယ့် ဒေသခံများ

ဘူးသီးတောင်မြို့နယ်၊ ကြာညိုပြင်၊ သရက်ပြင်၊ ဖုံညိုလိပ်ကျေးရွာအနီးရှိ စိုင်းတင်တံတားတွင် လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်များကို ယမန်နေ့ မနက်အစော ၃ နာရီလောက်က AA အဖွဲ့မှ တံတားအနီးနားမှာရှိတဲ့ လုံခြုံရေးအဖွဲ့အား မွတ်ဆလင်ကျေးရွာတွေထဲမှာ ခြေကုပ်ယူပြီး လက်နက်ကြီး၊ လက်နက်ငယ်‌တွေနဲ့ ပစ်ခတ် တိုက်ခိုက်လာတာကြောင့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားမှုအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုအနည်းငယ်ရှိခဲ့သလို တိုက်ပွဲဖြစ်ပွားရာ မွတ်ဆလင် ကျေးရွာတွေက ရွာသူရွာသားအချို့သေဆုံးကာ အယောက် ၂၀ လောက် ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ သိရ ပါတယ်။ ဒဏ်ရာရရှိခဲ့တဲ့ရွာသူရွာသားတွေကို မြို့နယ်ပြည်သူ့ဆေးရုံနဲ့ နာရေးကူညီမှုအသင်းက လူနာတင်ကား တွေနဲ့ သွားရောက်သယ်ယူခဲ့ပြီး ဆေးရုံမှာ ခွဲစိတ်ကုသပေးလျက်ရှိတယ်လို့ သိရပါတယ်။

” AA အဖွဲ့က ညကတည်းက စေတီတောင်၊ စပါးထားဘက်ကနေ ကျနော်တို့ရွာကို စက်လှေတွေနဲ့ ရောက်လာပြီး ရွာထဲမှာ နေရာလာယူပါတယ်။ ရွာမှာရှိတဲ့ မော်လဝီတွေနဲ့ ရပ်မိရပ်ဖတွေက ရွာထဲကနေ တိုက်ပွဲဖော်ရင် ကျနော်တို့ ရွာသူရွာသားတွေ သေကုန်မယ်၊ ရွာလည်းပျက်သွားမယ်၊ ဒါကြောင့် ရွာကနေထွက်သွားပေးဖို့ အနူးညွတ်တောင်းပန်ခဲ့ပါတယ်။ AA အဖွဲ့ခေါင်းဆောင်က လက်မခံဘဲ မင်းတို့ကုလားတွေ သေတာ မသေတာ အရေးမကြီးဘူး၊ ငါတို့အလုပ်ကို ငါတို့လုပ်မှာပဲဆိုပြီးတော့ ရွာအစပ်မှာ ပစ်ကျင်းတူးတာတွေ၊ နေရာယူတာတွေ ဆက်လုပ်ပါတယ်။ ကျနော်တို့ ဘယ်လိုမှ တောင်းပန်လို့လည်းမရပါဘူး၊ အကူအညီမဲ့နေပါတယ်။ AA အဖွဲ့က ကျနော်တို့ရွာကနေ အကာအကွယ်ယူပြီးပစ်ရင် တပ်ကပြန်ပစ်မယ်ဆိုတာသိလျက်နဲ့ ကျနော်တို့ရွာကို လူသား ဒိုင်းအဖြစ် အသုံးချခဲ့တာပါ။ အခုလည်း ကျနော်တို့ရွာသား ၃ ယောက်သေပြီး အယောက် ၂၀ လောက် ဒဏ်ရာရထားပါတယ်” လို့ အမည်မဖော်လိုတဲ့ ဖုံညိုလိပ်ရွာမှ မွတ်ဆလင်ရွာသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဘူးသီးတောင်မြို့နယ်အတွင်းမှာ လူဦးရေ ၂ သိန်းခွဲလောက်နေထိုင်ကြကာ အများစုဟာ မွတ်ဆလင်လူမျိုး တွေဖြစ်ပြီး ၉၀ ရာခိုင်နှုန်းလောက်ရှိကြောင်း သိရှိရပါတယ်။ AA အဖွဲ့မှ မွတ်ဆလင်ကျေးရွာတွေကို အခြေပြုကာ တိုက်ပွဲဖော်ဆောင်မှုကြောင့် အပြစ်မဲ့မွတ်ဆလင်ရွာသူရွာသားတွေ သေဆုံးဒဏ်ရာရရှိခဲ့မှုနဲ့ပတ်သက်ပြီး မွတ်ဆလင်အသိုင်းအဝိုင်းအတွင်းမှာ မကျေနပ်မှုတွေ ပြင်းထန်လျက်ရှိတယ်လို့ သိရှိရပါတယ်။ အခုလိုလုပ်ရပ်မျိူး ဆက်လက်လုပ်ဆောင်လာပါက ရရာလက်နက်နဲ့ AA အဖွဲ့ကို ပြန်လည်တိုက်ခိုက်သွားမယ်လို့လည်းသတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။