ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို ဆန်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို ဆန်နှင့် စားသောက်ဖွယ်ရာများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်ရှိ နယ်မြေခံရဲတပ်ဖွဲ့ခွဲရုံး၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဂုဏ်ပြုအမှာစကားများ ပြောကြားကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်နေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် ဆန်နှင့်စားသောက်ဖွယ်ရာများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော ရဲတပ်ဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံ၍ ရဲတပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။