ယခုလမှစ၍ ဂျပန်နိုင်ငံ အလုပ်ခေါ်စာများကို ၁၅ ရက်တစ်ကြိမ် ထုတ်ပြန်ပေးမည်”

ဂျပန်နိုင်ငံက အလုပ်ကမ်းလှမ်းစာ (Demand Letter)များကို ယခု ဇန်နဝါရီလမှစတင်ပြီး ၁၅ ရက်ကို တစ်ကြိမ် သံရုံးရဲ့ လူမှုကွန်ယက်မှာ ဖော်ပြသွားမှာဖြစ်တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇန်နဝါရီလ ၅ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။
ဂျပန်နိုင်ငံရှိ အလုပ်ကမ်းလှမ်းစာကုမ္ပဏီများစာရင်းကို သံရုံးက စိစစ်၍ မှန်ကန်တဲ့ အလုပ်ခေါ်စာများကို ယင်းသို့ ဖော်ပြပေးသွားမယ့်အပြင် ဂျပန်ကုမ္ပဏီများက ပေးပို့တဲ့ အချက်အလက်များနှင့် စာရွက်စာတမ်းများကိုလည်း သံရုံး၏ ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာသံရုံးက ထုတ်ပြန်တဲ့ ကြေညာချက်အရ ဂျပန်နိုင်ငံက အလုပ်ကမ်းလှမ်းစာ (Demand Letter) များစိစစ်သည့်လုပ်ငန်းစဉ် ပိုမိုမြန်ဆန်စေရန် အခုလိုဆောင်ရွက်ခြင်းဖြစ်ကြောင်း အသိပေးထားခြင်းလည်း ဖြစ်ပါတယ်။
ထုတ်ပြန်ကြေညာချက်မှာ အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် မြန်မာသံရုံးသို့ပေးပို့လာသော Demand Letter များကို အချက်အလက်ပေးပို့ရန် ဂျပန်ကုမ္ပဏီတစ်ခုချင်းစီကို Fax ပေးပို့ခြင်းမပြုတော့ဘဲ သံရုံးရဲ့ လူမှုကွန်ယက်နှင့် ဝက်ဘ်ဆိုက်တို့မှာ တစ်ပတ်ကို တစ်ကြိမ်ထုတ်ပြန်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
သက်ဆိုင်ရာ ဂျပန်ကုမ္ပဏီများကစာတိုက်မှတဆင့် ပေးပို့လာသော အချက်အလက်များကို သံရုံးကလက်ခံ ရရှိပါက Demand Letter မှန်ကန်မှုရှိ/မရှိစစ်ဆေးခြင်းများဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အခုလို စိစစ်ပြီးမှန်ကန်သည့် ကုမ္ပဏီများစာရင်းကို အလုပ်သမားဝန်ကြီးဌာနသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ပြန်လည်ပေးပို့ခြင်းနှင့် အဆိုပါစာရင်းများကို ၁၅ ရက် တစ်ကြိမ် သံရုံးရဲ့ လူမှုကွန်ယက်စာမျက်နှာမှတဆင့် ၁၅ ရက်ကို တစ်ကြိမ်နှုန်းနဲ့ ထုတ်ပြန် ကြေညာပေးသွားမှာ ဖြစ်တယ်လို့ ရေးသားဖော်ပြထားပါတယ်။

#PAN