မှိုကန်စွန်းရွက်လေး မြန်မြန်ကြော်မယ်

မြန်မာထမင်းဝိုင်းရဲ့မပါမဖြစ်ဟင်းလျာတွေဆိုတာနဲ့ အသားဟင်းတစ်ခွက်၊ အရွက်ကြော်တစ်ခွက် ငါးပိတို့စရာအစုံလင်ဆိုတာ ရိုးရာထုံးစံလိုဖြစ်နေပါပြီ။ အဲ့ဒီထဲကမှ အသားဟင်းတွေသာ ပြောင်းချင်ပြောင်းမယ်၊ ဘယ်ချိန်စားစားထမင်းမြိန်တာ မှိုကန်စွန်းရွက်ကြော်လေးပေါ့။ ဒီတစ်ခါတော့ စားကောင်းရုံမက ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်မယ့် ဗီတာမင် အေ၊ ဗီတာမင်စီ၊ သံဓာတ်၊ ဗီတာမင် B6 နဲ့ တခြားဗီတာမင်နဲ့ သတ္ထုဓာတ်တွေ ဖြစ်တဲ့ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် B1၊ ဗီတာမင် B3၊ အမျှင်ဓာတ်နဲ့ ပရိုတိန်းတွေ အပြည့်အဝပါဝင်တဲ့ မှိုကန်စွန်းရွက်ကြော်နည်းလေးကို ပြောပြပေးပါ့မယ်။ *ဤဆောင်းပါးပါ အာဟာရဆိုင်ရာ အချက်အလက်များသည် ဒေါက်တာဝင်းဝင်းမြင့်(အာဟာရဆိုင်ရာအထူးကု)၏ အကြံပြုချက်အရ ရေးသားဖော်ပြထားပါသည်။*

ပါဝင်ပစ္စည်းများ

  • ကန်စွန်းရွက် ၃ စည်း (အရိုးရင့်တွေ ဖယ်၊ အရွက်သင်ထားပါ)
  • ငရုတ်နီ ၂ တောင့် (အရှည်လိုက်ခွဲထားပါ)
  • ခနောကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကောက်ရိုးမှို ၁၀ ကျပ်သား
  • ဆီ ၆၀ ဂရမ်
  • ကြက်သွန်ဖြူ ၂ မြွှာ (ဓါးပြားရိုက်ထားပါ)
  • ခရုဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ပထမဆုံး သင်ထားတဲ့ကန်စွန်းရွက်ကို အရိုးရင့်တွေဖယ်၊ အရွက်သင်ထားပါ။
  2. သင်ထားတဲ့ ကန်စွန်းရွက်တွေကို ဆားလေးတစ်ဇွန်းနဲ့ ရေအေးအေးနဲ့ ဆေးထားပြီး ရေစစ်ကာ ဆယ်ထားပါ။
  3. မီးဖိုပေါ် ဆီပူအောင် တည်ပြီး ကြက်သွန်ဖြူထည့်ကာ ၁၅ စက္ကန့်လောက် မွှေပေးပါ။ ပြီးရင်တော့ ကန်စွန်းရွက်နဲ့ မှိုထည့်ပြီး မွှေပေးပါ။
  4. ခနောကြက်သားမှုန့်ထည့်ပါ။ ခရုဆီထည့်ပြီး မွှေပါ။
  5. ကန်စွန်းရွက်အိလာချိန်မှ ငရုတ်နီတောင့်ခပ်ပါးပါးစောင်းလှီးထားတာ ထည့်ပြီး ရေစပ်စပ်ကျန်တဲ့အထိ ကြော်ပါ။
  6. ပြီးတာနဲ့ အိုးထဲက ချလိုက်ရင် ချဉ်စပ်စပ်လေးနဲ့ အရသာရှိတဲ့ မှိုကန်စွန်းချဉ်စပ်ကြော်လေးကို ထမင်း ဒါမှမဟုတ် ကစီဓာတ်ပါဝင်တဲ့ အစားအစာများနဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ။