မြွေကိုက်ခံခဲ့ရလျှင် ဘာလုပ်ရမလဲ?

တောထဲတောင်ထဲလှုပ်ရှားသွားလာနေသူများအနေဖြင့်မြွေအန္တရာယ်နှင့် ကြုံတွေ့ခဲ့ရလျှင် သိထားသင့်သည့် ရှေးဦးသူနာပြုစုနည်းများပဲဖြစ်ပါတယ်ရှင်။
၁။ မြွေကိုက်ခံရလျှင် စိတ်ကိုတည်ငြိမ်စွာထားရန် လိုအပ်ပါသည်။
၂။ ဒဏ်ရာကို ဓားဖြင့်လှီးခြင်း၊ ပါးစပ်ဖြင့်စုပ်ထုပ်ခြင်း၊ အဝတ်စ၊ ပတ်တီး၊ ရာဘာကွင်း ကဲ့သို့သော အရာများဖြင့် တင်းကြပ်စွာစီးခြင်းများ လုံးဝမပြုလုပ်ပါနှင့်။
၃။ ဒဏ်ရာနှင့် ဒဏ်ရာတစ်ဝိုက် ယောင်ယမ်းသည့်နေရာကို ဘောပင်ဖြင့် အမှတ်အသား ပြုလုပ်ခြင်းနှင့် အကိုက်ခံရသောအချိန်ကို တစ်ပါတည်းရေးမှတ်ထားခြင်းများ ပြုလုပ်သင့် ပါသည်။ (ဆေးရုံရောက်လျင် အလွယ်တကူ သိရှိနိုင်ရန်။)
၄။ ဒဏ်ရာရသောနေရာ၏ ခြေ၊ လက်တွင် ဝတ်ဆင်ထားသော လက်စွပ်၊ လက်ကောက်များ၊ ခြေခြင်းများကို ချွတ်ထားရပါမည်။ ခြေ၊ လက် များကို တတ်နိုင်သမျှ မလှုပ်ရှားမိစေရန် အဝတ်စ၊ တုတ် တို့ဖြင့် ချည်နှောင်ထိန်းထားရန် လိုအပ်ပါသည်။ ( တင်းကြပ်စွာ မချည်ရ)
၅။ မြွေကိုက်ခံရပီးချိန်တွင် လူနာကို အစာ၊ ရေစာ အများအပြားကျွေးခြင်းများ မပြုလုပ် ပါနှင့်။ အစာအိမ်မှတဆင့် အသက်ရှုလမ်းကြောင်းသို့ ဝင်နိုင်ပြီး အသက်ရှုလမ်းကြောင်း ပိတ်ကာ အသက်အန္တရာယ် ဆုံးရှုံးနိုင်သည်။
၆။ ဒဏ်ရာပေါ်သို့ ရေခဲကပ်ခြင်း ရေနွေးအိတ်ကပ်ခြင်းများ မပြုလုပ်ရပါ။ ဒဏ်ရာပေါ်သို့ လိမ်းဆေး၊ ပရုတ်ဆီလိမ်းခြင်း၊ အုန်းဆီ၊ သံလွင်ဆီကဲ့သို့ ဆီများလူးခြင်း၊ အရွက်များ အုံ ခြင်းသည် အနာကိုပိုးဝင်စေနိုင်ပြီး ကုသမှုကိုအဟန့်အတားဖြစ်စေခြင်းကြောင့် မပြုလုပ်ရ။
၇။ လူနာကို ဆေးရုံသို့ အတတ်နိုင်ဆုံးမြန်မြန် ပို့ဆောင်ပေးရာတွင် ဘေးတစ်စောင်း အနေ အထားဖြင့်ထား၍ သယ်ဆောင်ရမည်။ ပက်လက်လှန်ခြင်း၊ မှောက်လျက်ထားခြင်းများ သည် ဗိုက်ထဲရှိအစာများကို အသက်ရှုလမ်းကြောင်းထဲသို့ သွားရောက်ပိတ်ဆို့စေနိုင်၍ အသက်ဆုံးရှုံးနိုင်သည်။
၈။ ပြင်းထန်လူနာဆိုပါက အရေးပေါ်ခန်းထဲတွင်ထားရန် ဆေးရုံကားနှင့် မသွားခင် ဆေးရုံကိုကြိုဖုန်းဆက်ပြီး အကြောင်းကြားရန် လိုအပ်ပါသည်။
၉။ ကိုက်တဲ့မြွေရဲ့ဓာတ်ပုံ (သို့မဟုတ်) မြွေအမျိုးအစားသေချာသိခြင်းသည် ကုသမှု အတွက် အလွန်တရာအကျိုးရှိသည်။ သို့သော်လည်း ထိုမြွေကိုဖမ်းခြင်း၊ သတ်ခြင်းဖြင့် အချိန်မကုန်ရန် အရေးကြီးပါသည်။ ထပ်မံအကိုက်ခံရခြင်းမျိုး ဖြစ်နိုင်တာမို့ မဖမ်းပါနှင့်။
၁၀။ ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ်အနည်းဆုံး ၄၈ နာရီနေရနိုင်ပါသည်။ ထို့ထက်လဲ ပို၍ ကြာနိုင်ပါသည်။ အချိန်မှီဆေးရုံသို့ရောက်ပီး ကုသမှုခံယူပါက အသက်ရှင်နိုင်ခြေ ရှိပါသည်။
အထက်ပါနည်းလမ်းများသည် WHO ၏ မြွေကိုက်ခံရမှု ရှေးဦးသူနာပြုနည်းများဖြစ်ပါတယ်ရှင်။