မီးဘေးရှောင်မလောင်ခင်တား သောကကင်းစေသား

နွေဥတုကို တပေါင်းလပြည့်ကျော် ၁ ရက်နေ့မှ ဝါဆိုလပြည့်နေ့အထိသတ်မှတ်ထားသည်။ နွေဆိုသည်နှင့် ပူလောင်မှု စတင်လာသည်။ ပူလောင်မှုဒဏ် ခံစားလာကြရသည်။ ပူလောင်မှုမှလျော့နည်း သက်သာစေရေးအတွက် လျှပ်စစ်နှင့် ဆိုင်သော ပစ္စည်းကိရိယာများကို အသုံးပြုလာကြသည်။ လျှပ်စစ်ကိုအသုံးပြု၍ အပူဒဏ်ကို လျော့နည်းအောင် စွမ်းဆောင်ကြသည်။ မီးလောင်မှုဖြစ်စဉ်များတွင် လျှပ်စစ်ကိုပေါ့လျော့စွာ အသုံးပြုမိခြင်းသည်လည်း တစ်ခုပါဝင်သည်။

နွေရာသီတွင် လူသားတို့သတိထားရမည်မှာ မီးဘေးအန္တရာယ်မကြုံတွေ့ရေးဖြစ်သည်။ မီးဘေး ကြိုတင်ကာကွယ်ရေး အတွက် အစဉ်အမြဲသတိပေးဆောင်ပုဒ်များစွာရှိသည်။ မီးသတိပြု၊ သင့်ကြောင့် မီးမလောင်ပါစေနှင့်၊ မီးဘေးရှောင် မလောင်ခင်တား၊ မီးကြွင်းမီးကျန်သတိပြု၊ ဝိုင်းဝန်းကာကွယ်မီးဘေးအန္တရာယ်၊ အမှိုက်ကစ ပြာသာဒ်မီးလောင်၊ လမ်းလျှောက်ရင်း ဆေးလိပ်မသောက်ပါနှင့်၊ မီးမပေါ့ဆနှင့် အစရှိသည့်ဆောင်ပုဒ်များသည် လူတိုင်းလိုက်နာရမည့် မီးဘေး ကြိုတင်ကာကွယ်ရေး သတိပေးဆောင်ပုဒ်များ ဖြစ်သည်။

ကြိုတင်ကာကွယ်မှုကောင်းခြင်းသည် အန္တရာယ်အရပ်ရပ်မှလွတ်ကင်းသည်။ ကြိုတင်ကာကွယ်မှုပြုထားခြင်းဖြင့် အောင်မြင်မှုဘက်သို့ရောက်ရှိပြီး စိတ်ချမ်းသာရသည်။ မီးလောင်လျှင် ဘာမှမကျန်တော့သဖြင့် သူခိုးခိုးခံရသည် ထက်ပင်ဆိုးရွားသည်။  လူတိုင်း မီးလောင်မည်ကိုကြောက်လန့်စိုးရွံ့ကြသော်လည်း  မီးကိုသတိမပြုကြ။ သတိလက်လွတ် အသုံးပြုမိသဖြင့် မီးဘေးအန္တရာယ်ကြုံတွေ့ကြသည်။ မီးသည် သုံးတတ်လျှင် မိတ်ဆွေ၊ မသုံးတတ်လျှင်ရန်သူဖြစ်သည်။ ရန်သူမျိုးငါးပါးတွင် မည်သူ့ကိုမျှ မညှာတာ၊ မထောက်ထားသည်မှာ မီးဘေးရန်သူဖြစ်သည်။ မီးလောင်ပြီဆိုသည်နှင့် လေကရောက်လာသည်။

ရန်သူမျိုးငါးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော မီးကိုမလောင်ခင်က ကြိုတင်ကာကွယ်ရသည်။ များသောအားဖြင့် လူတို့အမှတ်မထင်နေလေ့ရှိသော အသေးအဖွဲကလေးများပင်ဖြစ်သည်။ လူတို့၏ နေ့စဉ်သုံးပစ္စည်းများတွင် အလွယ်တကူ မီးစွဲလောင်နိုင်သော ပစ္စည်းများစွာရှိသည်ကို ရှေးဦးစွာ သတိထားသင့်ပေသည်။ အမှုမဲ့အမှတ်မဲ့ပစ်လိုက်သော မီးခြစ်ဆံ၊ ဆေးလိပ်တိုကလေးများမှမီးသည် မီးတောက်ကြီးအထိပွားကာ ပျက်စီးဆုံးရှုံးမှုကိုဖြစ်စေနိုင်သည်။ ထို့ပြင် မီးလောင်ရာ လေပင့်ဆိုရိုးစကားအတိုင်း မီးလောင်ရာတွင် မီးအရှိန်ပိုမိုအားကောင်းစေရန် လေကကူပင့်တိုက်ခတ်ပေးတတ်သည်။ ထိုအခါ မီးက လောင်အားပိုမိုကောင်းပြီး ပျက်စီးဆုံးရှုံးမှုများပြားတတ်သည်။ မီးကို လောင်မှငြှိမ်းသတ်သည်ထက် မလောင်မီက တားဆီးကာကွယ်ခြင်းသာ အကောင်းဆုံးဖြစ်သည်။ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရာတွင်  အိမ်ပတ် ဝန်းကျင်နှင့် အိမ်တွင်းသန့်ရှင်းအောင်ထားရှိခြင်း၊ ထင်းမီးဖို၊ မီးသွေးမီးဖိုတို့ကို အကာအရံဖြင့်ထားရှိအသုံးပြုခြင်း၊ မီးဖိုဘေးတွင် မီးကူးစက်လောင်ကျွမ်းလွယ်သော အရာဝတ္ထုများမထားခြင်း၊ ဂက်မီးဖိုများလုံခြုံမှု ရှိ၊ မရှိ ပုံမှန်စစ်ဆေး ခြင်းတို့ကို ကြိုတင်ဆောင်ရွက်ထားရပေမည်။

အထူးသဖြင့် အဆောက်အအုံများတွင် ချိတ်ဆက်သွယ်တန်း အသုံးပြုလျက်ရှိသော လျှပ်စစ်ဝိုင်ယာကြိုးများ ဟောင်းနွမ်း နေပါက အသစ်လဲလှယ်သင့်သည်။ အိမ် သို့မဟုတ် ရုံးအဆောက်အအုံများတွင် လူမရှိပါက လျှပ်စစ်မိန်းခလုတ်များ ပိတ်ထားသင့်သည်။ အသေးအမွှားဖြစ်သော ခြင်ဆေးခွေ၊ ဖယောင်းတိုင်၊ အမွှေးတိုင်များ ထွန်းညှိပြီးပါက  မီးငြှိမ်းသတ်မှု မပျက်မကွက်ပြုရပေမည်။  မီးကြွင်းမီးကျန်များအား ရေဖြင့်သေချာအောင် ငြှိမ်းသတ်ခြင်းကိုလည်း မမေ့မလျော့ လုပ်ဆောင်သင့်သည်။ ကြိုတင်ကာကွယ်မှု ဘက်စုံဆောင်ရွက်ထားမှသာ မီးဘေးအန္တရာယ်က လွတ်ကင်းမည်ဖြစ် ပေသည်။ ကြိုတင်ကာကွယ်မှုတွင် မဖြစ်မနေထားရှိရမည်မှာ မီးသတ်ဘူး၊ ရေ၊ သဲ၊ မီးကပ်မီးချိတ်တို့ဖြစ်သည်။

မီးဘေးအန္တရာယ်သည် မြန်မာနိုင်ငံတွင် နှစ်စဉ်ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်များအနက် အကြိမ်အရေ အတွက်အများဆုံးနှင့် ဆုံးရှုံးမှုပမာဏအမြင့်ဆုံးဖြစ်သည်။ နိုင်ငံနှင့်လူမျိုးဖွံ့ဖြိုးရေးကိုလည်း ဆုတ်ယုတ်စေသည်။ မီးလောင်မှုကြီးကြီးမားမား ဖြစ်တတ်သော နေရာများမှာ ဈေးရုံကြီးများ၊ သိုလှောင်ရုံများ၊ စက်ရုံအလုပ်ရုံများ၊ စက်သုံးဆီအရောင်းဆိုင်များဖြစ်သည်။ တစ်ခါတစ်ရံ တောမီးလောင်ခြင်းမှတစ်ဆင့် ကူးစက်ခြင်းမျိုးရှိတတ်သည်။

မြန်မာစကားပုံတွင် မြွေပူရာကင်းမှောင့်ဟူ၍ရှိပေရာ မြွေပေါများရာတွင် ကင်းကပါနှောင့်ယှက်ပြန်သကဲ့သို့ ပူပန်စရာမျိုး ကြုံတွေ့နေသည့်အချိန်တွင် နောက်အပူတစ်မျိုးက ဝင်ရောက်နှောင့်ယှက်ခြင်းမျိုးဖြစ်တတ်သည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စိတ်သောကကြုံနေကြစဉ် မိမိ၏ နေအိမ်၊ မိမိရပ်ကွက်၊ မြို့နယ်/ ပြည်နယ်/တိုင်းဒေသကြီးမှတစ်ဆင့်  နိုင်ငံတစ်ဝန်းလုံး  မီးဘေးအန္တရာယ် မကျရောက်ရေး ကြိုတင် အသိ သတိထားရှိ ကြပါရန် မြဝတီကတိုက်တွန်းနှိုးဆော်အပ်ပါသည်။  ။