မန်ယူအသင်း၏ ရှယ်ယာ (၂၅) ရာခိုင်နှုန်းကိုလွှဲပြောင်းဝယ်ယူခဲ့တဲ့ ဆာဂျင်ရက်ကလစ်ဖ်

မန်ယူအသင်း၏ ရှယ်ယာ (၂၅) ရာခိုင်နှုန်းကို လွှဲပြောင်းဝယ်ယူထားပြီးဖြစ်သည့် ဆာဂျင်ရက်ကလစ်ဖ်က ယင်းရှယ်ယာများကို ဝယ်ယူရန်အတွက် ကြိုးပမ်းသည့် လုပ်ငန်းစဉ်သည် မိမိ၏ဘဝတွင် စိတ်လှုပ်ရှားစရာအကောင်းဆုံး သဘောတူညီမှုတစ်ခုဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ရက်ကလစ်ဖ်သည် အသင်းရှယ်ယာများကို ဂလေဇာမိသားစုထံမှ လွှဲပြောင်းဝယ်ယူရန်အတွက် အလုံးစုံသဘောတူညီမှု ရရှိပြီဖြစ်သော်လည်း ပရီးမီးယားလိဂ်အဖွဲ့ချုပ်၏ ပြန်လည်စစ်ဆေးသုံးသပ်ခြင်း လုပ်ငန်းစဉ်ကို စောင့်ဆိုင်းနေရဆဲဖြစ်ပြီး ယင်းလုပ်ငန်းစဉ် ပြီးမြောက်ပါက အသင်း၏ တရားဝင်တာဝန်ရှိသူ ဖြစ်လာမည်ဖြစ်သည်။

ယခုအချိန်အထိ ပရီမီးယားလိဂ်အဖွဲ့ချုပ်၏ တရားဝင်ခွင့်ပြုချက်ကို မရသေးသော်လည်း ရက်ကလစ်ဖ်နှင့် အဖွဲ့သည် မန်ယူအသင်းနှင့် အလွန်နီးကပ်သည့် ဆက်ဆံရေးရှိနေပြီး အသင်း၏အရေးပါသည့် ဒါရိုက်တာတစ်ဦး ဖြစ်လာဖွယ်ရှိသည့် ဘရေးလ်စ်ဖို့ဒ်သည် မန်ယူအသင်း၏ ပွဲစဉ်များကို ပုံမှန်လာရောက်ကြည့်ရှုနေသလို၊ ရက်ကလစ်ဖ်ကိုယ်တိုင်လည်း အသင်း၏ပွဲစဉ်များတွင် ကွင်းအတွင်း လာရောက်ကြည့်ရှုနေပြီဖြစ်သည်။

စပါးအသင်း နှင့် (၂-၂) ဂိုးဖြင့် သရေကျခဲ့သည့်ပွဲတွင် ရက်ကလစ်ဖ်သည် မန်ယူအသင်း၏ နာမည်ကျော် နည်းပြကြီးဖြစ်သည့် ဆာအဲလက်စ်ဖာဂူဆန်နှင့်အတူ လာရောက်ကြည့်ရှုခဲ့သည်ကို ပရိသတ်များက မြင်တွေ့ခဲ့ရပြီး ဂလေဇာမိသားစုကို အသင်းမှ ထွက်ခွာသွားခိုင်းသည့် အော်ဟစ်တောင်းဆိုမှုများလည်း ပြုလုပ်ခဲ့ကြသည်။

ရက်ကလစ်ဖ်က ”မန်ယူအသင်းရဲ့ ရှယ်ယာတွေကို ဝယ်ယူတဲ့လုပ်ငန်းစဉ်က ကျွန်တော့်ဘဝရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး သဘောတူညီမှုတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်က တကယ်စိတ်လှုပ်ရှားစရာကောင်းတဲ့ အလုပ်တချို့ကို လုပ်ခဲ့ပြီး ဒီအသင်းမှာ ရှိနေခွင့်ရတာဟာ ကျွန်တော့်အတွက် ဘယ်လောက်ရင်ခုန်စရာကောင်းသလဲဆိုတာ မေးခွန်းထုတ်စရာတောင် မလိုပါဘူး”ဟု ပြောကြားခဲ့သည်။

ရက်ကလစ်ဖ်သည် လွန်ခဲ့သည့် (၂) နှစ်၊ (၃)နှစ်ကျော်က အိုးလ်ထရက်ဖို့ဒ်ကွင်းတွင် လာရောက်ကြည့်ရှုခဲ့ဖူးပြီး စပါးအသင်းနှင့်ပွဲစဉ်သည် ၎င်းအနေဖြင့် ယင်းနောက်ပို်င်းတွင် အိုးလ်ထရက်ဖို့ဒ်ကွင်းအတွင်း လာရောက်ကြည့်ရှုခဲ့သည့် ပထမဆုံးပွဲလည်းဖြစ်သည်။

ရက်ကလစ်ဖ်သည် မန်ချက်စတာယူနိုက်တက်အသင်း၏ အိမ်ကွင်းဖြစ်သည့် အိုးလ်ထရက်ဖို့ဒ်ကွင်းကို အဆင့်မြှင့်တင်ရန် စီစဉ်လျက်ရှိနေပြီး ကွင်းကို ပြန်လည် ပြုပြင်မွမ်းမံခြင်း သို့မဟုတ် အသစ်ပြန်လည်တည်ဆောက်ခြင်းတို့ ပြုလုပ်ရန် စဉ်းစားနေကြောင်းလည်း သိရှိရသည်။ 

ဂလေဇာမိသားစုသည် အိုးလ်ထရက်ဖို့ဒ်ကွင်းအား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ပရိသတ်များ၏ ဝေဖန်မှုများကို ခံနေရသည်။