မနက်ခင်း အားကစားသတင်းများ

📝 Football Insider သတင်းဌာနရဲ့ဖော်ပြချက်အရ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်၊ ချယ်လ်ဆီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ဟာ ပြီးခဲ့တစ်ပတ်ကမှ ဘရိုက်တန်အသင်းနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် အီကွေဒေါကွင်းလယ်ကစားသမား မွိုက်စ်ကိုင်စီဒိုကိုခေါ်ယူဖို့စိတ်ဝင်စားနေဆဲပဲလို့သိရပါတယ်။ စာချုပ်သစ်အရ ဘရိုက်တန်အသင်းနဲ့ ၂၀၂၇ ခုထိသက်တမ်းတိုးမြှင့်ထားသလို လစာတစ်ပတ်ပေါင် ၆၀၀၀၀ အထိတိုးမြှင့်ရရှိထားတဲ့ ကိုင်စီဒိုဟာ ဘရိုက်တန်အသင်းအတွက် ၃၆ ပွဲကစား သွင်းဂိုး ၂ ဂိုး ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ပေးထားသူဖြစ်ပြီး စာချုပ်သစ်မှာ စာချုပ်လျော်ကြေးမပါဝင်ဘူးလို့ Football Insider သတင်းဌာနကဖော်ပြသွားခဲ့ပါတယ်။

📝 The Times သတင်းဌာနရဲ့ဖော်ပြချက်အရ စပါးနည်းပြဟောင်းဖြစ်သူ ပိုချက်တီနိုဟာ လက်ရှိနည်းပြ ကွန်တီသာ လာမယ့်နွေရာသီမှာ အသင်းကနေထွက်ခွါခဲ့ရင် အသင်းဟောင်းကိုပြန်လာလိုနေတယ်လို့သိရပါတယ်။ အသက် ၅၃ နှစ်အရွယ် အီတလီလူမျိုးနည်းပြ ကွန်တီဟာ စပါးအသင်းကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာရောက်ရှိလာပြီး ရလဒ်ကောင်းတစ်ချို့ရရှိအောင်စွမ်းဆောင်ထားနိုင်ပေမယ့် ချန်ပီယံလိဂ်မှာ အေစီမီလန်အသင်းကိုရှုံးနိမ့်ခဲ့ပြီးနောက် သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့် ခွဲစိတ်ကုသမှုခံယူဖို့ အီတလီကိုပြန်ခဲ့ရပြီး သူ့ရဲ့နည်းပြအလုပ်ကို အီတလီမှာပဲဆက်လက်လုပ်ကိုင်ဖို့စိတ်အားထက်သန်နေတယ်လို့ သတင်းတွေထွက်နေခဲ့တာလည်းဖြစ်ပါတယ်။ အသက် ၅၁ နှစ်အရွယ် အာဂျင်တီးနားလူမျိုးနည်းပြ ပိုချက်တီနိုဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လတုန်းက ပီအက်စ်ဂျီအသင်းကထွက်ခွာခဲ့ပြီးနောက်ပိုင်း အသင်းသစ်ရှာဖွေခြင်းမရှိသေးဘဲ သူ ၅ နှစ်ခွဲကြာကိုင်တွယ်ခဲ့တဲ့ လန်ဒန်ကလပ်ကိုပြန်လာဖို့စိတ်အားထက်သန်နေခဲ့တာလည်းဖြစ်ပါတယ်။

📝 အာဆင်နယ်အသင်းဟာ ဒီရာသီကုန်ရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ရရှိနိုင်မယ့် ဒေါ့မွန်အသင်းရဲ့ အသက် ၂၇ နှစ်အရွယ် ဂျာမန်ကွင်းလယ်လူ မာမွတ်ဒါဟုဒ်ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ Metro သတင်းဌာနကဖော်ပြသွားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဇူလိုင်လတုန်းက မိုချန်ဂလာဘတ်အသင်းကနေ ယူရို ၁၂ သန်းဝန်းကျင်ပြောင်းရွှေ့ကြေးနဲ့ရောက်ရှိလာခဲ့တဲ့ ဒါဟုဒ်ဟာ ဒေါ့မွန်အသင်းနဲ့ ၆ ရာသီမြောက် ဖြတ်သန်းနေတာဖြစ်ပေမယ့် လက်ရှိဘောလုံးရာသီမှာတော့ ဘွန်ဒစ်လီဂါမှာ ပွဲထွက်ကစားသမားအဖြစ် ၃ ပွဲသာကစားရသေးသလို ဒေါ့မွန်အသင်းက ဒါဟုဒ်ကိုစာချုပ်သက်တမ်းမတိုးမြှင့်တော့ဖို့ ဆုံးဖြတ်ခဲ့ပြီးလည်းဖြစ်ပါတယ်။ ဒေါ့မွန်အသင်းအတွက်ပြိုင်ပွဲစုံ ၁၃၈ ပွဲကစား သွင်းဂိုး ၅ ဂိုး ဂိုးဖန်တီးမှု ၁၅ ကြိမ်ပြုလုပ်ပေးထားတဲ့ ဒါဟုဒ်ကို အာဆင်နယ်အသင်းအပြင် လက်စတာ၊ အေစီမီလန်၊ နာပိုလီနဲ့ ရိုးမားအသင်းတို့ကလည်းခေါ်ယူဖို့စောင့်ကြည့်နေတယ်လို့သိရပါတယ်။

📝 လီဗာပူးလ်၊ မန်ချက်စတာယူနိုက်တက်နဲ့ စပါးအသင်းတို့ဟာ ဂျူဗင်တပ်စ်အသင်းရဲ့ အသက် ၂၇ နှစ်အရွယ် ပြင်သစ်ကွင်းလယ်လူ ရာဘီယော့ကိုခေါ်ယူဖို့စိတ်ဝင်စားနေဆဲဖြစ်ပြီး စာချုပ်သစ်အခြေအနေကိုစောင့်ကြည့်နေတယ်လို့ 90 Minutes သတင်းဌာနကဖော်ပြသွားခဲ့ပါတယ်။ လက်ရှိဘောလုံးရာသီအပြီးမှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ရာဘီယော့ဟာ ပရီးမီးယားလိဂ်မှာကစားရင်း သူ့ရဲ့ကစားသမားဘဝကိုမြှင့်တင်သွားလိုတယ်လို့ပြောကြားခဲ့ဖူးသူလည်းဖြစ်ပါတယ်။

Sport7