ဖားကန့်မြို့ရှိ ရွှေရောင်လင်း စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီး အသတ်ခံရမှု အမိန့်ချ

ကချင်ပြည်နယ် ဖားကန့်မြို့ရှိ ရွှေရောင်လင်း စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီး အသတ်ခံရမှုမှ ပြစ်မှုကျူးလွန်သူ ခင်ပွန်းကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း အမိန့်ချ လိုက်ကြောင်း မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက် ဖားကန့်မြို၊ မော်ဝမ်းရပ်ကွက်ရှိ ရွှေရောင်လင်း လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်ပိုင်ရှင် ဒေါ်မိုင်းမိုင်းမှာ နေအိမ်အတွင်း ရှိနေစဉ် ခင်ပွန်းဖြစ်သူက မူးယစ်ဆေးဝါးသုံးစွဲရန် ပိုက်ဆံတောင်းရာမှ စကားများ ရန်ဖြစ်ပြီး နောက် အသတ်ခံရတာ ဖြစ်တယ်လို့လည်း ယင်းတို့ကပြောပါတယ်။

အဆိုပါ ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူကို အခင်းဖြစ်ပွားပြီးနောက် မကြာခင်မှာပဲ ဖမ်းဆီးရမိခဲ့ကာ မိုးညှင်းခရိုင် တရားရုံးက တရားစွဲဆိုပြီး နောက် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြစ်ဒဏ် ချမှတ်လိုက်တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဖားကန့်မြို့ခံ တစ်ဦးက “ အမှုက အတော်လေး နာမည်ကြီးသွားခဲ့သေးတယ်။ မိုးညှင်းခရိုင်တရားရုံးက စစ်ဆေးပြီးတော့ ရာဇဝတ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂ အရ အလုပ်ကြမ်းနဲ့ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်လိုက်တာ” လို့ ပြောပါတယ်။

အဆိုပါ အမှုတွင် အသတ်ခံရသည့် အမျိုးသမီးမှာ အသက် ၅၀ နှစ်အရွယ်ရှိ ဒေါ်မိုင်းမိုင်း ဆိုသူဖြစ်ပြီး အခင်းဖြစ်ပွားပြီး ၇လ အကြာမှာပဲ တရားရုံးကနေ စီရင်ချက်ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။