ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများကို နှိပ်စက်နေသည်ဟု သတင်းအမှားများဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသားများကို အကျဉ်းထောင်တာဝန်ခံအရာရှိများမှ ညှင်းပန်းနှိပ်စက်မှုများ ပြုလုပ်လျက်ရှိကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာဖြစ်သည့် RFA  မှ သတင်းတု၊ သတင်းအမှားများ လူမှုကွန်ယက်စာမျက်နှာတွင် လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မှန်ကန်မှုမရှိကြောင်း၊ အကျဉ်းထောင်တွင် ပုံမှန် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီသာ ဆောင်ရွက် လျက်ရှိကြောင်း၊ ဥပဒေမဲ့ လုပ်ဆောင်ခြင်းများ ပြုလုပ်ခြင်းမရှိကြောင်း ၊ ဝါဒဖြန့် ရေးသားခြင်းသာဖြစ်ကြောင်း သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် သတင်းတု၊ သတင်းမှားများကို မြို့ရွာများ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် အများပြည်သူ အထင်အမြင် လွဲမှား စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံ လိမ်လည်ရေးသား၍ အချိန်ကိုက်ဖြန့်ဝေ ရေးသားနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။