ပြည်ထောင်စုမပြိုကွဲဖို့ နိုင်ငံသားတိုင်းမှာတာဝန်ရှိပါသည်

ဆရာနရီမိုး ရေးထားတဲ့ ပြည်ထောင်စုမပြိုကွဲဖို့ နိုင်ငံသားတိုင်းမှာတာဝန်ရှိပါသည်ဆိုတဲ့ ဆောင်းပါးလေးကိုဖော်ပြပေးလိုက်ပါတယ်နော်။

ရှမ်း(မြောက်) ကိုးကန့်ဒေသအရေး တနည်းအားဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ (၁၀၂၇)က အစပြုလိုက်တဲ့ စစ်ပွဲတွေဟာ နိုင်ငံတော်ရဲ့ ဒို့တာဝန်အရေး(၃)ပါးကို ပြိုကွဲစေနိုင်တဲ့အထိ တိုက်ရိုက်ထိခိုက်လာတာမျိုး ဖြစ်လာစေခဲ့တာ တွေ့ရတယ်။ MNDAA ဦး‌ဆောင်ပြီး TNLAနဲ့ AA လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ကိုးကန့်ဒေသကို “ကျားဖြန့်ငွေလိမ် လောင်းကစား” ဖယ်ရှားရှင်းလင်းရေးလို့ ဆိုထားပေမယ့် အမှန်တကယ် မြေပြင် လုပ်ဆောင်ချက်တွေမှာတော့ ကိုးကန့်ဒေသ၊ လောက်ကိုင်မှာ “ဗမာတိုင်းရင်းသား ဖယ်ရှား ရေး၊ သိန္ဒီမြို့တွေမှာ ဗမာမလာရ၊ အရေးပေါ်အခြေအနေပြီးမှ သွားလာခွင့်လက်မှတ် ထုတ်ပေးမယ်” ဆိုတာ တွေအပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်လွန်ပြီး အထူးဒေသ ပုံစံ ကျင့်သုံးဆောင်ရွက် မယ်ဆိုတဲ့ တောင်းဆိုချက်တွေဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာ ဆုံးရှုံးနိုင်လောက်တဲ့အထိ သက်ရောက်မှုကြီးမားခဲ့တာ တွေ့ရမှာဖြစ်တယ်။ နိုင်ငံတော်အနေနဲ့ ရှမ်းမြောက် ဒေသ၊ ရခိုင်ဒေသတွေမှာ ဒီလိုသက်ရောက်မှုတွေကို ခံစားနေရချိန်မှာပဲ NCA လက်မှတ် ရေးထိုးထားတဲ့ PNLO နဲ့ မွန်ပြည်သစ်ပါတီ တို့ရဲ့ ခွဲထွက်အဖွဲ့တွေဟာ နိုင်ငံရေးပြင်ပကနေ လက်နက်ကိုင်ပြီး ဖြေရှင်းမယ့် လမ်းတွေကို အသီးသီး ရွေးချယ်လာခဲ့ကြတာဟာ သိပ်ကို အံ့အားသင့်စရာကောင်းလွန်းတာ တွေ့ရမှာ ဖြစ်တယ်။

-တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွေရဲ့ အဓိက အားထားရာနေရာတွေ ဖြစ်တဲ့ ချင်းရွှေဟော်နဲ့ မူဆယ်လိုမျိုး အဓိကကုန်သွယ်ရေးမြို့ကြီးတွေမှာ ဖြစ်ပျက်ခဲ့တာတွေအပါအဝင် ၂၀၀၈ ခုနှစ်မှာ မူဘောင်သဘောတူညီမှု လက်မှတ်ထိုးပြီးသားဖြစ်တဲ့ အိန္ဒိယရဲ့ ကုလားတန်မြစ်ကို အခြေတည် တည်ဆောက်မယ့် စစ်တွေဆိပ်ကမ်းနဲ့ ပလက်ဝဘက်က ကုန်းတွင်းကုန်စည် ဆိပ်ခံတံတားတွေ ဆောက်လုပ်ပြီးစီးခဲ့တာတောင် စိန်ခေါ်မှုအခက်အခဲတွေ ဆက်ပြီးရှိနေတာဟာ ပထဝီနိုင်ငံရေးအရ အရေးပါနေတဲ့ မြန်မာ နိုင်ငံရဲ့ တည်ရှိမှုအပေါ်မှာ ပြည်ပနိုင်ငံတွေအနေနဲ့ ဒေသခံတိုင်းရင်းသား လက်နက်ကိုင်တွေကို Proxy ကြားခံနယ်မြေပုံစံဖန်တီးပြီး သူတို့နိုင်ငံ အကျိုးစီးပွားတွေအတွက် နောက်ကွယ်ကနေ အားပေးကူညီမှုတွေ ရှိကောင်းရှိနေနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း အများအပြား ပေါ်ထွက်လာခဲ့တယ်။ ဒီအကျိုးတရားတွေအားလုံးဟာ ကိုယ်တွေမြန်မာနိုင်ငံရဲ့ အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ နိုင်ငံတွေနဲ့ အိမ်နီးချင်း ဖြစ်တည်မှု၊ အရှေ့တောင်အာရှ အထူးသဖြင့် တောင်တရုတ်ပင်လယ်မှာ အာဏာချဲ့ထွင်နေတဲ့ တရုတ်နိုင်ငံရဲ့ ကြီးစိုးမှုတွေကို ထိန်းချုပ်လိုတဲ့ အမေရိကန်ရဲ့ မဟာဗျူဟာမြောက်နယ်မြေ၊ စင်ကာပူနိုင်ငံရဲ့ အကျိုးစီးပွား အပေါ်မှာ တိုက်ရိုက် ခြိမ်းခြောက်နိုင်မှု ရှိနေတဲ့ ပထဝီအနေအထားကို ပိုင်ဆိုင်ထားထားတဲ့ နိုင်ငံရဲ့ ပထဝီနိုင်ငံရေးအရ အရေးပါနေတဲ့ အကြောင်းတရားတွေကြောင့်ဖြစ်တယ်ဆိုတာ ငြင်းမရနိုင်ဘူး။

-ဒီစစ်ပွဲတွေရဲ့ အကျိုးဆက်ကြောင့်ပဲ နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ကဏ္ဍအသီးသီးကို ထိခိုက်လာတဲ့ သမာရိုးကျမဟုတ်တဲ့ ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့ ၂၀၁၀ ပြည့်နှစ်က ရေးဆွဲထားခဲ့ပြီးသားဖြစ်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို (၁၄)နှစ်အကြာမှာ တော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရက အာဏာတည်တဲ့အမိန့်ထုတ်ပြန်ပြီး အသက်သွင်းခဲ့လိုက်ရတယ်။ တဖက်မှာလည်း အမျိုးသားလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု တွေကို တုန့်ပြန်နိုင်ဖို့ အရန်တပ်ဖွဲ့ဥပဒေတွေကိုလည်း တပြိုင်နက်တည်း ပြဋ္ဌာန်းခဲ့တာ တွေ့ရတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးချိန်မှာတော့ ဒီဥပဒေ ပြဋ္ဌာန်းမှုအပေါ်မှာ အမျိုးမျိုးသော ဝေဖန်သံတွေ ရှိခဲ့သလို ကောလာဟလတွေလည်း အချိန်ကိုက်ထွက်ပေါ် လာခဲ့တာ တွေ့ရတယ်။ အစိုးရပိုင်း တာဝန်ရှိသူတွေဘက်ကတော့ ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် ဒေသခံတွေကိုယ်တိုင် ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့‌ပေးဖို့ တောင်းဆိုချက် တွေရှိလာလို့ ဥပဒေနဲ့ အညီ စနစ်တကျဖြစ်စေဖို့အတွက် ပြဋ္ဌာန်းခဲ့တာဖြစ်တယ်လို့ ထုတ်ပြန် ကြေငြာထားတာတွေ့ရတယ်။ ဘယ်လိုပဲ ဝေဖန်မှုတွေရှိနေပါစေ အမုန်းအာဃတတရားတွေ အပြည့်နဲ့ လက်နက်ကိုင်ပုန်ကန်မှုတွေ အများကြီးဖြစ်နေတဲ့ နိုင်ငံတစ်ခု၊ တိုင်းရင်းသား လူမျိုးစုအချင်းချင်းကြားမှာ ပြည်ထောင်စုဆိုတဲ့ စိတ်ဓာတ်တွေ ပျောက်ပြီး မိမိလူမျိုး၊ တစ်နိုင်ငံ ပုံစံစနစ်နဲ့ သွားချင်နေတဲ့ စိတ်နေစိတ်ထားတွေဟာ ရေရှည်မှာ ပြည်ထောင်စုကြီး ပြိုကွဲစေနိုင်လောက်တဲ့ အထိ ဖြစ်နေတာတော့ ပကတိ အမှန်တရားသာဖြစ်တယ်။ နိုင်ငံရေး အရ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ မကြိုးစားဘဲ အဖက်ဖက်က စည်းလုံးမှု ယို့ယွင်းနေချိန်မှာ ပြည်ထောင်စုနယ်မြေတွေကို “အနိုင်ရသူယူ” ဆိုတဲ့ စိတ်နဲ့ကြိုးပမ်းနေကြတာဟာ နိုင်ငံတော်ကြီးအတွက်တော့ အဖက်ဖက်က ရှုံးစေတဲ့ လုပ်ရပ်တွေချည်းပါပဲ။ ပိုဆိုးတာက… PNLO ခွဲထွက်အဖွဲ့တွေအနေနဲ့ မိခင်အဖွဲ့အစည်း တွေကနေ ခေါင်းစဉ်အမျိုးမျိုးပြ ခွဲထွက်ပြီး အေးချမ်းနေတဲ့ ဆီဆိုင်ဒေသတွေကို ဝင်ရောက်တိုက်ခိုက်နေကြသလို ရှမ်းမြောက်လက်နက်ကိုင်တွေရဲ့ အထိမ်းအကွပ် မရှိတဲ့ ဆက်ကြေးကောက်ခံမယ့် လုပ်ရပ်တွေကလည်း ဒေသခံပြည်သူတွေအပေါ် ဝန်ထုပ်ဝန်ပို ဖြစ်စေတာလည်း တွေ့မြင်နေရတယ်။

-ဒီလိုဖြစ်ပေါ်လာတဲ့ ပြဿနာတွေအားလုံးရဲ့ အခြေခံအကြောင်းတရားဟာ “ငါတို့အားလုံးဟာမြန်မာ”၊ “ငါတို့ အားလုံးဟာ ပြည်ထောင်စုမြန်မာနိုင်ငံသား” ဆိုတဲ့ စိတ်တွေပျောက်ပြီး မိမိလူမျိုးရေးကိုသာ ရှေ့တန်း တင် ဦးစားပေးလိုတဲ့ စိတ်တွေကြောင့် ဖြစ်နေတယ်ဆိုတာ တွေ့ရမှာဖြစ်တယ်။ လွတ်လပ်ရေး မရခင်ကတည်းက အမျိုးမျိုးသော နည်းလမ်းတွေနဲ့ သွေးခွဲအုပ်ချုပ်စေခဲ့တဲ့ နယ်ချဲ့လက်ပါးစေတွေရဲ့ နည်းလမ်းတွေဟာ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ ကျော်ကြာသည့် တိုင်အောင် အလုပ်ဖြစ်နေသေးတာကတော့ ဒီနိုင်ငံအတွက် ဝမ်းနည်းစရာကောင်းလှတယ်။ အထူးသဖြင့် ကမ္ဘာ့ရွာကြီးအဖြစ် အသွင်ပြောင်းနေတဲ့ Globalization ခေတ်ကြီးမှာ ဒီပြည်နယ်ဟာ ငါတို့လူမျိုးစုသာ ပိုင်တယ် ဆိုတဲ့ လူမျိုးရေးဝါဒမှိုင်းမိနေတဲ့အချက်ဟာ ဒီပြဿနာတွေရဲ့ အရင်းခံအကြောင်း တရားဖြစ်နေတာလည်း တွေ့ရမှာဖြစ်တယ်။ ဥပမာ ကချင်ပြည်နယ်ကို ကချင်တွေက သူတို့အပိုင်လို့ထင်ကြတယ်။ ကိုးကန့်ဒေသဟာ ကိုးကန့်လူမျိုးပဲ ရှိရမယ်ဆိုတဲ့ အတွေးမျိုး ရှိလာကြတယ်။ လူမျိုးစုအားလုံး ယှဉ်တွဲအတူနေထိုင်ခြင်းဆိုတဲ့ ပြည်ထောင်စု စိတ်ဓာတ်တွေ ဖျောက်ပြီး ဒီမိုကရေစီဆိုတဲ့ ကျင့်ဝတ်တန်ဖိုးတွေကို မေ့လျော့လာကြတယ်။ ဒီလိုအခြေခံ စိတ်ဓာတ်တွေရှိနေတဲ့ လူမျိုးစုခေါင်းဆောင်အချို့တွေကို ပြည်ပအင်အားကြီးနိုင်ငံတွေအနေနဲ့ အချိန်မရွေး သွေးထိုးလွယ်တာ သိပ်ထူးဆန်းလွန်းတာတော့ မဟုတ်ဘူး။ နောင်အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲချိန်မှာ ဒီအချက်ကို မဖြစ်မနေ ပြုပြင်ပြောင်းလဲပစ်ဖို့ အရေးကြီးတာတွေ့ရတယ်။

-လက်ရှိအချိန်မှာ လူမျိုးရေးဝါဒမှိုင်းတွေ အခြေခံပြီး ဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ အခြေခံ ဥပဒေ ပြင်ပကနေ တောင်းဆိုနေတဲ့ နယ်မြေပိုင်ဆိုင်လိုမှုတွေဟာ ပြည်ထောင်စုကြီး ပြိုကွဲ စေနိုင်သလို တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကိုလည်း ထိခိုက်စေတာ တွေ့ရမှာဖြစ်တယ်။ နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းဖို့၊ တရားဥပဒေစိုးမိုးဖို့ နဲ့ နိုင်ငံသားတိုင်း စစ်ပညာ သင်ယူ တက်မြောက်ဖို့ လိုအပ်နေချိန်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်တာဟာ ပိုမိုစိတ်ဓာတ်ကောင်းမွန်ပြီး ကျန်းမာသန်စွမ်းတဲ့ လူငယ်တွေနဲ့ ဒီပြဿနာတွေကို တနည်းတဖုံ ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်မိတယ်။ တဖက်မှာ ပြဋ္ဌာန်းခဲ့တဲ့ အရန်တပ်ဖွဲ့ ဥပဒေကြောင့် လည်း ပြည်သူ့စစ်မဟာဗျူဟာ( People’s War Strategy) ဖော်ဆောင်မယ့် နိုင်ငံတော် အတွက် တပ်မတော်ရဲ့ အချို့သော လက်ရုံးတပ်ဖွဲ့တွေမှာ “အား” တစ်ခု ဖြစ်လာစေနိုင်သလို ပြည်သူ့စစ်မှုထမ်းခြင်းအတွက်လည်း စစ်ဘက်-အရပ်ဘက်ဆက်ဆံရေးမှာ “ပေါင်းကူး တံတား” ဖြစ်လာနိုင်တယ်လို့ ယူဆမိတယ်။

-တကယ်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၅ မှာ “ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည်” ၊ ပုဒမ ၃၈၆ မှာ “ နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာ ကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်” လို့ သတ်မှတ်ပြဋ္ဌာန်းပြီးသားဖြစ်ပါတယ်။ သမာရိုးကျ ဖြစ်နေတဲ့ စစ်ပွဲတွေမှာ ဒို့တာဝန်အရေး(၃)ပါးကို ကာကွယ်စောင့်ရှောက်ဖို့ တပ်မတော်တစ်ခုတည်း အဆင်ပြေကောင်းပြေနေနိုင်ပေမယ့် အချို့သောတိုင်းရင်းသား လက်နက်ကိုင်တွေကို အသုံးချပြီး ပြည်ပအင်အားကြီးနိုင်ငံတွေရဲ့ နိုင်ငံရေးနဲ့ စစ်ရေးအရ စွက်ဖက်လာမှု၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာစေတဲ့ သမာရိုးကျမဟုတ်တဲ့ အမျိုးမျိုးသော သွေးထိုးနှောက်ယှက်မှုတွေကို ကာကွယ်ဖို့အတွက်ဆိုရင် တပ်မတော်တစ်ခုတည်း တာဝန်ရှိတာမျိုး မဟုတ်ဘဲ တနည်းအားဖြင့် ပြည်ထောင်စုကြီး မပြိုကွဲစေဖို့အတွက်ဆိုရင် နိုင်ငံသားတိုင်းအားလုံးမှာ တာဝန်ရှိပါသည် လို့ပဲ တိုက်တွန်း ရေးသားလိုက်ရပါတယ်။ ။ ။

(နရီမိုး)