ပါဠိပါဒကပထမတန်းတွင် သီလရှင်ဆရာလေးမသုကေသီမြန်မာတစ်နိုင်ငံလုံး ပထမ ဖြင့်အောင်မြင်

ထေရဝါဒ ပရိယတ္တိသာသနဟိတစာမေးပွဲဗဟိုအဖွဲ့ကကျင်းပသည့်ပါဠိပါဒကပထမတန်းတွင် မုံရွာမြို့၊လယ်တီရပ်၊ ဓမ္မေသကသီလရှင်ကျောင်းတိုက်မှ သီလရှင်ဆရာလေး မသုကေသီသည်မြန်မာတစ်နိုင်ငံလုံး ပထမဖြင့်အောင်မြင်ခဲ့ကြောင်းသိရသည်။

“အခုလိုကိုယ့်တပည့်လေး တစ်နိုင်ငံလုံးပထမဆုရတဲ့အတွက်ဝမ်းသာပီတိဖြစ်ရတယ်။ဘာလို့လဲဆိုရင် လူတွေဆိုတာက ဂုဏ်ရှိတဲ့သူတွေကို မြင်ချင်ကြကြားချင်ကြတယ်။ဒီလို အောင်မြင်မှုကလည်း သူ့ဘဝအတွက်တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်နေတော့ သာသနာအပေါ်ဆက်ပြီးတည်ရှိလို့ ကြိုးစားနိုင်တဲ့အခွင့်အရေးလို့ဆရာလေးကတော့မြင်တယ်။ဒီထက်မကအောင်မြင်ပါစေ။”ဟုဓမ္မေသကသီလရှင်ကျောင်းတိုက်သာသနဓဇဓမ္မာစရိယ စာချဆရာဒေါ်တီရဥာဏီကမိန့်သည်။

ပါဠိပါဒကပထမတန်းစာမေးပွဲကို ပြီးခဲ့သည့်နှစ်ပြာသိုလဆန်းက ကျင်းပရာပထမရသည့် မသုကေသီသည်မုံရွာမြို့၊မြို့မရွှေဂူကျောင်းတိုက်တွင်ဝင်ရောက်ဖြေဆိုရပြီး ယခုနှစ်တပို့တွဲလပြည့်ကျော်တွင်အောင်စာရင်းထွက်ကာ ပြီးခဲ့သည့်ဖေဖော်ဝါရီလ၁၂ရက်ပြည်ထောင်စုနေ့က မန္တလေးမြို့၊သာသနာ့တက္ကသိုလ်တွင်အောင်လက်မှတ်အပ်နှင်းခဲ့ခြင်းဖြစ်သည်။

“ဆယ်တန်းဖြေပြီးမှသီလရှင်ဝတ်တာပါ။၁၃၈၀ ပြည့်နှစ်ကဝတ်ခဲ့တာပါ။မုံရွာတက္ကသိုလ်မှာ ဖီစစ်မေဂျာနဲ့တတိယနှစ်အထိရောက်ခဲ့ပြီ။အခုလည်းတက်နေပါတယ်။သီလရှင်ဝတ်နဲ့လောကီရော လောကုတ္တရာစာကြိုးစာနေတာသီလရှင်ကပထမပြန်အငယ်တန်းရောက်နေပါတယ်။ပါဒကတန်းကိုလည်းပုံမှန် ကြိုးစားသင်ယူခဲ့တယ်။ပထမရမယ်လို့မှန်းတော့မှန်းပါတယ်။ည၁၀ နာရီလောက်ထိပုံမှန်စာကျက်ဖြစ်တယ်။၅ဘာသာသင်ရတယ်။ပထမဘာသာကဝိနည်းကျက်ရတယ်။ ဒုတိယကသဒ္ဒါ၊ တတိယကပါဠိသိက္ခာ၊စတုတ္ထကအင်္ဂလိပ်နဲ့ပဥ္စမကသင်္ချာပါ။ရှေ့ဆက်ပြီး လောကီရော လောကုတ္တရာပါကြိုးစားသွားမှာပါ။အခုလိုပထမရတာဝမ်းသာမိပါတယ်။ပီတိတော်တော်ဖြစ်တယ်။ကျေနပ်တာပေါ့။”ဟုပထမရမသုကေသီကပြောသည်။