နို့စားနွားများအတွက် အရေးကြီးတဲ့ အကူးအပြောင်းကာလ

ကိုယ်ဝန်ဆောင်ပြီး နို့နားထားသည့်အခြေအနေမှ နွားကလေးမွေးပြီး နို့ပေးသည့်အခြေအနေသို့ ပြောင်းလဲသည့်ကာလ ဖြစ်ပါတယ်။
မမွေးခင် (၃)ပတ်အလိုနှင့် မွေးပြီး (၃)ပတ်အကြာ ကြားကာလကို အကူးအပြောင်းကာလဟု သတ်မှတ်နိုင်ပါတယ်။
အကူးအပြောင်းကာလက ဘာလို့အရေးကြီးတာလဲ?
ကိုယ်ဝန်ဆောင်နွားမကြီးရဲ့ နို့နားကာလမှ နို့ပေးကာလသို့ ကောင်းမွန်စွာကူးပြောင်းနိုင်ရင် ကောင်းမွန် သော ကျန်းမာရေး၊ ထုတ်လုပ်မှုနှင့် မျိုးပွားခြင်းများရရှိနိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ မကူးပြောင်း နိုင်လျှင် နို့ထွက်နှုန်းကျခြင်း၊ ကိုယ်ခံအားစနစ် လျော့ကျခြင်း၊ မျိုးပွားမှုဆိုင်ရာ လုပ်ဆောင်ချက်များလျော့ကျခြင်း စသည်တို့ဖြစ်စေပြီး စီးပွားရေးအရ ဆုံးရှုံးမှုများစေပါတယ်။
ကိုယ်ဝန်ဆောင်ကာလ နောက်ဆုံးအပတ်အတွင်းတွင် သန္ဓေသားနှင့် အချင်းတိုင်သည် စွမ်းအင်ဓာတ်အများဆုံး လိုအပ်နေတဲ့ အခြေအနေဖြစ်ပြီးနွားကလေးမွေးပြီးချိန်မှာလည်း နို့ဖြစ်တည်စေရန်နှင့် နို့ထုတ်လုပ်မှုမြှင့်တင်ရန် စွမ်းအင်ဓာတ် (energy) များစွာ လိုအပ်နေချိန်ဖြစ်ပါတယ်။ သို့သော် ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားချိန်၊ နို့ပေးချိန်စသည့် အကူးအပြောင်းကာလတွင် ဟိုမုန်းဓာတ်များ၊ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများနှင့်အတူ ဖိစီးမှုများကြောင့် အစာစားနှုန်းကျပြီး အစာမှ စွမ်းအင်ဓာတ် (energy) ရရှိနိုင်မှုလည်း လျော့နည်းသွားပါတယ်။ ဒါ့အပြင် ဟိုမုန်းထွက်ရှိမှု မညီမျှခြင်းနှင့် ကိုယ်ခံအားစနစ် လျော့ကျခြင်းများ ဖြစ်တတ်ပါတယ်။
မမွေးခင် ၂ ပတ်နှင့် မွေးပြီး ၂ ပတ်အတွင်းသည် ကိုယ်ခံအားစနစ်ပိုမို အားနည်းနိုင်သည့် ကာလဖြစ်သည်။
ထိုအချိန်တွင် နို့အုံရောင်ရောဂါ (mastitis)၊ သားအိမ်ရောင်ရောဂါ (metritis) နှင့် အချင်းကျန်ခြင်း (retained placenta)
စသည်တို့ ဖြစ်ပွားနိုင်ပါသည်။ အခြားသော ကူးစက်ရောဂါများ ဖြစ်နိုင်ရန် အခွင့်အလမ်းလည်းဖြစ်စေသည်။
အာဟာရဓာတ် မလုံလောက်မှုနှင့်အတူ ဟိုမုန်းထွက်ရှိမှု မညီမျှမှုတို့ကြောင့် သားတောင်းနောက်ကျခြင်း၊ မျိုးဥကြွေမှုနောက်ကျခြင်း၊ သားအောင်နှုန်းနည်းခြင်း စသည်တို့ကြောင့် တစ်သားနှင့်တစ်သားကြား ကာလကြာပြီး တစ်နှစ်တစ်သားမရနိုင်သည့် ပြဿနာလည်းဖြစ်နိုင်ပါတယ်။ ကျန်းမာရေး ယိုယွင်းမှုဆိုင်ရာ ပြဿနာများ-
(၁) စွမ်းအင်ဓာတ်ယိုယွင်းမှုဆိုင်ရာ ပြဿနာများ (Energy-Related Disorders)
(၂) အစာအိမ်အတွင်း အက်စစ်ဓာတ်များခြင်း/ခြေလက်နာခြင်း (Rumen acidosis/ Lameness)
(၃) ကီတိုးစစ် (Ketosis)
(၄) အသည်းအဆီဖုံးခြင်း (Fatty liver syndrome)
(၅) စတုတ္ထအစာအိမ်နေရာရွေ့ခြင်း (Displaced abomasum)
(၆) သတ္တုဓာတ်-ဗီတာမင်ဓာတ် ယိုယွင်းမှုဆိုင်ရာပြဿနာများ (Mineral-Vitamin Related Disorders)
(၇) သွေးတွင်း ကယ်လ်စီယံဓာတ်လျော့နည်းခြင်း (Milk fever)
(၈) ကိုယ်ခံအားစနစ် ယိုယွင်းမှုဆိုင်ရာ ပြဿနာများ (Immune System Related Disorders)
(၉) အချင်းကျန်ခြင်း (Retained placenta)
(၁၀) သားအိမ်ရောင်ရမ်းခြင်း (Metritis)
(၁၁) နို့အုံရောင်ရောဂါ (Mastitis)
အကူးအပြောင်းကာလအတွင်း ကောင်းမွန်သည့် အာဟာရနှင့် အစာကျွေးစနစ် စီမံမှုသည် နွားကလေးမွေးပြီးနောက် အစာစားနှုန်း (dry matter intake) တိုးလာစေရာတွင် အထောက်အကူ ဖြစ်ခြင်း၊ မွေးဖွားရာတွင် လွယ်ကူစေခြင်း၊ နွားကျန်းမာရေး၊ နို့ထုတ်လုပ်မှု နှင့် မျိုးပွားမှုဆိုင်ရာ လုပ်ဆောင်ချက်များ ကောင်းမွန်စေပါသည်။