နိုဝင်ဘာ ၁ ရက်နေ့မှုခင်းသတင်းများ

-အောက်တိုဘာ ၃၁ ရက် ၁၁၄၅ နာရီတွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာရှိ ဂျာနူး ဆေးဆိုင်သို့ အကြမ်းဖက်သမား pdf ကျား ၄ ဦးမှ Landcruiser(အဖြူရောင်)ယာဉ်ဖြင့် ရောက်ရှိလာပြီး ဆိုင်ဝန်ထမ်းများအား ခြိမ်းခြောက်ပြောဆိုကာ ကောင်တာအတွင်းရှိ ငွေကျပ်သိန်း ၁၂၀၀ အား ယူဆောင်၍ ဆန်ခါကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်းသိရှိရ။

-အောက်တိုဘာ ၃၁ ရက် ၁၀၃၀ နာရီတွင် ရေစကြိုမြို့နယ်၊ ကံသစ်ကျေးရွာနေ ဦးတင်‌ရွှေ(၅၅)နှစ်သည် နေအိမ်၌ မိသားစုနှင့် အတူ ရှိနေစဉ် အကြမ်းဖက်အဖွဲ့ အင်အား ၁၅ ဦးခန့်သည် လက်လုပ်သေနတ်များ ကိုင်ဆောင်၍ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဦးတင်‌ရွှေအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ဦးတင်ရွှေတွင် ဦးခေါင်း နောက်စေ့၊ ယာပါး ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

-အောက်တိုဘာ ၃၁ ရက် ၀၈၃၀ နာရီတွင် မြိုင်မြို့ပေါ်ရပ်ကွက်များအတွင်းသို့ မြိုင်မြို့၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာ တောတိုက်နှင့် အနောက်တောင်ဘက် မီတာ ၆၀၀ ခန့်အကွာ တောတိုက်တို့မှ PDF အကြမ်းဖက်အဖွဲ့မှ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဗုံးသီးများမှာ အမှတ်(၁)ရပ်ကွက်၊ မြေသားလမ်း၌ ၅ လုံး၊ အမှတ်(၂)ရပ်ကွက်၊ မြေကွက်လပ်၌ ၇ လုံး၊ အမှတ်(၃)ရပ်ကွက်၊ မြို့နယ်ဘောလုံးကွင်း၌ ၁၁ လုံး၊ ရွှေမြင်တင်ဘုရားဝင်း မြေကွက် လပ်၌ ၁၂ လုံး၊ မြိုင် – ပခုက္ကူကားလမ်း၌ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လမ်းဘေး၌ သွယ်တန်းထားသော လျှပ်စစ်မီးကြိုးများ ပြတ်တောက်ခဲ့ကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း သိရှိရ။

-အောက်တိုဘာ ၃၁ ရက် ၁၈၃၀ နာရီတွင် နတ္တလင်းမြို့နယ်၊ ထိပ်ပိတ်ကျေးရွာနေ ဦးချစ်ကို(၅၀)နှစ်သည် နတ္တလင်းမြို့မှ ထိပ်ပိတ်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ထိပ်ပိတ်ကျေးရွာနှင့် ဘုကြီးကျေးရွာကြား အရောက်၌ PDF အကြမ်းဖက်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးချစ်ကိုတွင် ရင်ညွန့်၊ ဆီးခုံ ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။