နိုဝင်ဘာ ၁၄ ရက်နေ့ မှုခင်းသတင်းများ

– နိုဝင်ဘာ ၁၃ ရက် ၀၅၃၀ နာရီတွင် ပခုက္ကူမြို့နယ်၊ မြင်းကျွန်းကျေးရွာနေ ဦးလှဝင်း(၆၃)နှစ်သည် မိခင်ဖြစ်သူ ဒေါ်ကြင်စိန် ၏ နေအိမ်သို့ သွားရောက်လည်ပတ်နေစဉ် အကြမ်းဖက်အဖွဲ့ဝင် ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာ၍ နေအိမ်အတွင်းရှိ မိသားစုဝင်များအား နေအိမ်ရှေ့သို့ခေါ်ဆောင်ကာ ဒူးထောက်ခိုင်း၍ ဦးလှဝင်း အား သေနတ်(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့ပြီး နေအိမ်ရှိ ဆိုင်ကယ် ၁ စီး၊ လက်ကိုင်ဖုန်း ၂ လုံးတို့အား ယူဆောင်၍ ရွှေဒါးကျေးရွာဘက်သို့ ထွက်ခွာသွားခဲ့ကြောင်း၊ အကြမ်းဖက်သူများ၏ ပစ်ခတ်မှုကြောင့် ဦးလှဝင်းတွင် ဝဲပါး၊ နားထင်၊ လည်ပင်း၊ ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၁၃ ရက် ၁၀၅၅ နာရီတွင် ကလေးမြို့၊ စမ်းမြို့ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဘေးရှိ ပထမအမျိုးသားအာမခံရုံး (ကလေးရုံးခွဲ)သို့ အကြမ်းဖက်သမား ၃ ဦးမှ ပစ္စတို ၃ လက်၊ သေနတ်အရှည် ၁ လက် ကိုင်ဆောင်၍ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး မန်နေဂျာ ဦးအောင်သူရနှင့် ဝန်ထမ်းများအား ခြိမ်းခြောက်ကာ ရုံးစားပွဲပေါ်ရှိ ကားသော့အားယူဆောင်၍ ရုံးရှေ့၌ရပ်ထားသည့် ဌာနပိုင် ယာဉ်အမှတ်၊ MDY-7J/8599 TOYOTA HILUX VIGO အမျိုး အစား (ခဲရောင်)မော်တော်ယာဉ်အား ယူဆောင်၍ တာဟန်းရပ်ကွက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၁၃ ရက် ၁၄၃၀ နာရီတွင် မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာကြား စစ်ကိုင်း-မုံရွာသွားကား လမ်း မိုင်တိုင်အမှတ်(၅၂/၂)အနီး၌ မန္တလေးမှ မုံရွာသို့ ယာဉ်မောင်း အောင်ကျော်နိုင်(၄၆)နှစ်နှင့် ယာဉ်နောက် လိုက် ဆန်းထူး(၃၂)နှစ်တို့ ၂ ဦးမောင်းနှင်၍ ခရီးသည် ၁၁ ဦးလိုက်ပါလာသည့် “ရွှေမန်းသူ”ခရီးသည်တင် မှန်လုံမီနီဘတ်အား အကြမ်းဖက်သူ ၂၀ ဦးခန့်မှ တားဆီးစစ်ဆေး၍ ခရီးသည်များအား ယာဉ်ပေါ်မှ ဆင်းခိုင်း ကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ ၂ ဦးအား မော်တော်ယာဉ်နှင့်အတူ ပဲကူကျေးရွာဘက်သို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရ။