တွံတေး မြို့ပြပြောက်ကျား အမည်ခံအကြမ်းဖက်ဓားပြအဖွဲ့မှ တရားခံ (၂၈) ဦးကို လက်နက်ခဲယမ်းများနဲ့အတူ ထပ်မံဖမ်းမိ

မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ မေဓာဝီလမ်းရှိ “မြတ်မောင်”စိန်ရွှေရတနာဆိုင်ကို ဓားပြတိုက်သွားကြသည့် ဒီမိုကရေစီအရေး လှုပ်ရှားသူဟု အနောက်အုပ်စုက ကင်ပွန်းတပ်ပေးထားသူ အကြမ်းဖက်အုပ်စုကို ဖမ်းမိရာကနေ ဆက်စပ်အဖွဲ့အစည်းများဖြစ်သည့် တွံတေး မြို့ပြပြောက်ကျား အမည်ခံအကြမ်းဖက်ဓားပြအဖွဲ့မှ တရားခံ ၂၈ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

အဆိုပါ ဖမ်းဆီးရမိ အကြမ်းဖက်ဓားပြများ၏ ထွက်ဆိုချက်အရ ဇွန်လ ၂၀ ရက်တွင် တွံတေး မြို့ပြပြောက်ကျား အမည်ခံအကြမ်းဖက်အဖွဲ့မှ အဖွဲ့ဝင်များဖြစ်သည့် ဆက်ပိုင်မျိုး၊ ဇော်မျိုးခန့်နှင့် အကြမ်းဖက်အဖွဲ့ဝင်များအား လက်ခံထားရှိသည့် ကျော်သူဟိန်း၊ ဥက္ကာကျော်၊ မျိုးညွှန့်အောင် တို့အား မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဝေဘာဂီလမ်းတွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ဇွန်လ ၂၂ ရက်ညနေပိုင်းတွင် ဓားပြတိုက်လုယက်မှုတွင် ပါဝင် ခဲ့သည့် တွံတေးမြို့ပြပြောက်ကျား အမည်ခံအကြမ်းဖက်အဖွဲ့မှ တရားခံ ကျော်ဇင်ထိုက် (ခ)ကိုကြီးကျော်၊ ဝီလျံထိုက်(ခ)ဝီလျံ ၊ ခိုင်ခန့်ဇော်(ခ)ရှမ်းလေးနှင့် အကြမ်းဖက် အဖွဲ့ဝင်များအား လက်ခံထားရှိသည့် လှသိန်း(ခ)မူဆယ် တို့အား Sig Sauer ပစ္စတို ၁ လက်၊ Kuzey ပစ္စတို ၁ လက်၊ ပစ္စတိုကျည်အိမ် ၄ ခု၊ ၉ မမကျည် ၄၇ တောင့် တို့နှင့်အတူ ဖျာပုံမြို့နယ်၊ အပြောင်ကျေးရွာ၌ ဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။

ထို့ပြင် ဇွန်လ ၂၃ ရက် မနက်ပိုင်းတွင် တွံတေးမြို့ပြပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့မှ ဒုတိယခေါင်းဆောင် ဆံရှည် (ခ)ကိုထက်(ခ)ထက်နိုင်ဦး နှင့် ၎င်းအား လက်ခံထားရှိပြီး လက်နက်/ခဲယမ်းများအား သိုဝှက်သိမ်းဆည်းပေးထားသည့် လှမျိုးဇော်(ခ)ချစ်ထူး၊ မြင့်လွင်၊ သောရေမူး(ခ) ဖိုးသောကြာ၊ လဲပွဲမူး ၊ လယ်မူးနှင့် ငြိမ်းချမ်း(ခ)ပသီ တို့အား Sig Sauer ပစ္စတို ၁ လက်၊ Pietro Beretta ပစ္စတို ၁ လက်၊ Beretta ပစ္စတို ၁ လက်၊ ပစ္စတိုကျည်အိမ် ၃ ခု၊ ၉ မမကျည် ၃၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်ရှို့ပစ်ဗုံး ၂ လုံးတို့နှင့်အတူ တွံတေးမြို့နယ်၊ ရေကျော်စုကျေးရွာ၌ ဖမ်းဆီးရမိခဲ့သည်။