တရုတ်နိုင်ငံ ရေတပ်သင်္ဘော သုံးစင်း ရန်ကုန်မြို့သို့ရောက်ရှိ

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးအဖြစ် လာရောက်သည့် တရုတ်နိုင်ငံ ရေတပ်သင်္ဘော သုံးစင်း နိုဝင်ဘာ ၂၇ ရက်က ရန်ကုန်မြို့သို့ ရောက်ရှိလာကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းက “ ဒီနေ့မှာတော့ ကျွန်တော်တို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး အလည်အပတ်ရောက်ရှိနေတဲ့ စစ်သင်္ဘော သုံးစင်းဟာ ဒီနေ့နေ့လည်ပိုင်းမှာ ရန်ကုန်ကို ရောက်ရှိခဲ့ပါတယ်။ အဲ့စစ်သင်္ဘော အုပ်စုထဲမှာတော့ ဖျက်သင်္ဘောအမျိုးအစား သင်္ဘောတစ်စင်း၊ ဖရီးဂိတ်အမျိုးအစား သင်္ဘောတစ်စင်းနဲ့ ထောက်ပံ့ပို့ဆောင်ရေးရေယာဉ်တစ်စင်း၊ သုံးစင်းပါခဲ့ပါတယ် စစ်သည်အင်အား ၇၀၀ ဦးခန့် ပါရှိကြောင်းလည်း သိရှိရပါတယ်”ဟု ပြောကြားသည်။

ချစ်ကြည်ရေးခရီးအဖြစ် ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံစစ်သင်္ဘောများအား တပ်မတော် (ရေ)မှ အဆင့်မြင့်အရာရှိကြီးများ၊ တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းအဖွဲ့များ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ သံရုံးနှင့်စစ်သံရုံးမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြောင်း သိရသည်။