တည်ငြိမ်မှုဆက်လက်လျော့ပါးနေဦးမည့် ကိုရီးယားကျွန်းဆွယ်

ပူးတွဲစစ်ရေးလေ့ကျင့်မှုများကြောင့် ကိုရီးယားကျွန်းဆွယ်ပေါ်၌ ဆက်ဆံရေး တင်းမာနေစဉ် မြောက်ကိုရီးယား နိုင်ငံက ပြီးခဲ့သည့်ရက်သတ္တပတ်က ဒုံးကျည်သုံးစင်းကို ထပ်မံပစ်လွှတ်လိုက်သည်။ ပစ်လွှတ်လိုက်သည့် အဆိုပါ ဒုံးကျည်များတွင် တာဝေးပစ်ဒုံးကျည်တစ်စင်း ပါဝင်သည်ဟု ခန့်မှန်းထားသည်။

မြောက်ကိုရီးယားက ပစ်လွှတ်လိုက်သည့် ဒုံးကျည်များအနက် တာဝေးပစ်ဒုံးကျည်မှာ အမြင့် ၂၀၀၀ ကီလိုမီတာမှ ပျံသန်းလာခဲ့သော်လည်း နောက်ပိုင်းတွင် ရေဒါမှပျောက်ကွယ်သွားကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီး ယာဆုကာဇူဟာမာဒါကပြောသည်။ အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုကြောင့် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့အတွင်း စိုးရိမ်မှုများ မြင့်တက်စေခဲ့သည်။

ယခုလုပ်ဆောင်သည့် မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်ပစ်လွှတ်မှုသည် ကိုရီးယားကျွန်းဆွယ်ပေါ်၌ အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ကြား ပြုလုပ်သည့် ပူးတွဲလေကြောင်း စစ်ရေးလေ့ကျင့်မှုအပေါ် မြောက်ကိုရီးယားအစိုးရက ပြစ်တင်ဝေဖန်ပြီးနောက် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ အမေရိကန်နှင့်တောင်

ကိုရီးယားနိုင်ငံတို့သည် နျူကလီးယားစစ်ပွဲဆင်နွှဲရန် ပြင်ဆင်နေခြင်းဖြစ်ပြီး အမေရိကန်အစိုးရအနေဖြင့် အဆိုပါ လုပ်ဆောင်ချက်ကြောင့် တူညီသည့်တန်ဖိုးကို ပေးဆပ်ရမည်ဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် အမေရိကန်အစိုးရက တိုးမြှင့်လုပ်ဆောင်လာသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကြောင့် မြောက်ကိုရီးယားအနေဖြင့် စစ်ရေးလုပ်ဆောင်ချက်များကို တိုးမြှင့်လာခဲ့ရသည့်အပြင် အမေရိကန် အစိုးရသည် မြောက်ကိုရီးယားနိုင်ငံ၌ အစိုးရအပြောင်းအလဲဖြစ်ပေါ်စေရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိကြောင်း မြောက် ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ကြေညာချက်တွင် ဆက်လက် ဖော်ပြထားသည်။

မြောက်ကိုရီးယားနိုင်ငံသည် ယခုနှစ်အတွင်း ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများကို အနည်းဆုံး ၂၃ ကြိမ် လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ ယင်းစမ်းသပ်မှုများသည် အမေ ရိကန်ကဦးဆောင်သည့် စစ်ရေးလေ့ကျင့် မှုများကို တုံ့ပြန်ခြင်းဖြစ်သည်ဟု ဆိုနိုင်သော်လည်း ဒုံးကျည်ပစ်လွှတ်မှုများသည် ဒေသတွင်းနိုင်ငံများကို အထိတ်တလန့်ဖြစ်စေခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယားနိုင်ငံက ပစ်လွှတ်လိုက်သည့် ဒုံးကျည်များတွင် နျူကလီးယား ထိပ်ဖူးများကို သယ်ဆောင်နိုင်သောဒုံးကျည်များလည်း ပါဝင်သည့်အပြင် မကြာသေးမီက ပစ်လွှတ်လိုက်သော ဒုံးကျည်များတွင် တာလတ်ပစ် Hwasong-12 ဒုံးကျည်လည်း ပါဝင်ခဲ့သည်။

ယခုရက်သတ္တပတ်အတွင်း ပြုလုပ်ခဲ့သည့် ဒုံးကျည်ပစ်လွှတ်မှုများအနက် တစ်စင်းမှာ ပထမအကြိမ်အဖြစ် တောင်ကိုရီးယားနိုင်ငံအရှေ့ပိုင်းရှိ ကျွန်းတစ်ကျွန်းပေါ်သို့ကျရောက်ခဲ့ရာ ယင်းကျွန်းပေါ်ရှိ ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ ရှောင်တိမ်းခဲ့ရသည်။ မြောက်ကို ရီးယားနိုင်ငံ၏ အဆိုပါ လုပ်ဆောင်ချက်သည် ကျူးကျော်ခြင်းဖြစ်သည်ဟု တောင်ကိုရီးယားအစိုးရက တုံ့ပြန်ခဲ့သည့်အပြင် ဝေဟင်မှမြေပြင်ပစ် ဒုံးကျည်သုံးစင်းကိုပါ ပစ်လွှတ်ခဲ့သည်။ တောင်ကိုရီးယားနယ်မြေ ပိုင်နက်ပေါ်သို့ ဒုံးကျည်ကျရောက်မှုသည် ကိုရီးယားနှစ်နိုင်ငံကွဲပြီးနောက်ပိုင်း ပထမ အကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မြောက်ကိုရီးယားနိုင်ငံက ယခုနောက်ဆုံးလုပ်ဆောင်ခဲ့သည့် ဒုံးကျည်ပစ်လွှတ်မှုသည် ဂျပန်နိုင်ငံမြောက်ပိုင်းရှိ မီယာဂီ၊ ယာမာဂါတာ၊ နီအီဂါတာစီရင်စု တို့ရှိ ပြည်သူများအတွက် သတိပေးချက်အဖြစ် ထွက်ပေါ်လာခဲ့ပြီး သက်ဆိုင်ရာအစိုးရအဖွဲ့များက ဒေသခံများအား နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုဘဲ ဘေးကင်းသည့်နေရာများ၌သာ နေထိုင်ကြရန် တိုက်တွန်းခဲ့ရသည်။

အလားတူ မြောက်ကိုရီးယားနိုင်ငံသည် မကြာသေးမီက တောင်ကိုရီးယား၊ အမေရိကန်နှင့်ဂျပန် သုံးနိုင်ငံကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ် လုပ်ဆောင်ပြီးနောက်ပိုင်း ပြီးခဲ့သည့်လအစောပိုင်းက ဒုံးကျည်နှစ်စင်းကို ပစ်လွှတ်ခဲ့သည်။

ကိုရီးယားကျွန်းဆွယ်အနီး၌ လုပ်ဆောင်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများနှင့် စပ်လျဉ်း၍ မြောက်ကိုရီးယား အစိုးရက ထပ်တလဲလဲဝေဖန်ထားပြီး အဆိုပါစစ်ရေးလေ့ကျင့်မှုများသည် မြောက်ကိုရီးယားကို ကျူးကျော် တိုက်ခိုက်ရန် လေ့ကျင့်နေခြင်းဖြစ်သည်ဟု မြောက်ကိုရီးယား အစိုးရက ရှုမြင်ထားသည်။ ထို့ကြောင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် ကိုရီးယားကျွန်းဆွယ်ပေါ်၌ ဆက်ဆံရေးတင်းမာမှု များကိုသာ ပိုမိုဖြစ်ပေါ်စေလျက်ရှိသည် ဟု ဆိုနိုင်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်လက်ထက်တွင် ကိုရီးယားကျွန်းဆွယ်ပေါ်၌ ဆက်ဆံရေးတင်းမာမှုများ လျော့ကျစေရန် ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်း မရှိသည့်အပြင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကိုသာ ဆက်တိုက်လုပ်ဆောင်လာခဲ့ခြင်းကြောင့် ဆက်ဆံရေးတင်းမာမှုများမှာ ပိုမိုမြင့်တက်လာခဲ့ရသည်။ ထို့ကြောင့် မြောက်ကိုရီးယားနိုင်ငံသည် အမေရိကန်၌ ဂျိုးဘိုင်ဒင်သမ္မတဖြစ်လာပြီးနောက် စွမ်းဆောင်ရည်အမြင့်ဆုံးသော ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ပြခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မြောက်ကိုရီးယားက အကြိမ်ကြိမ် သတိပေးထားခဲ့သော်လည်း အမေရိကန်အနေဖြင့် ယင်းသတိပေးချက်ကို လျစ်လျူရှု၍ တောင်ကိုရီးယား၊ ဂျပန်တို့နှင့်အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ပြီး ဆက်ဆံရေးတင်းမာမှုများကို ပိုမိုမြင့်တက်လာစေရန် လုပ်ဆောင်နေခြင်းကြောင့် ကိုရီးယားကျွန်းဆွယ်ပေါ်၌ တည်ငြိမ်မှု ဆက်လက်လျော့ပါးနေဦးမည်သာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။