ဇွန်လ ၂ ရက်နေ့ မှုခင်းသတင်းများ

-ဇွန်လ ၁ ရက်နေ့ ၀၉၀၀ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ ကလိန်အောင်တံတားစစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်နေစဉ် ရေးမြို့နယ် အပလိုင် ကျေးရွာနေ နိုင်ဦး (၃၂) နှစ်စီးနင်းလာသောဆိုင်ကယ်အား ရပ်တန့်ခိုင်းသော်လည်း မောင်းနှင် ထွက်ပြေးသွားခဲ့သဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ နိုင်ဦးမှာ ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး၎င်း၏ဆိုင်ကယ်အတွင်းမှ တရုတ်နိုင်ငံထုတ် ၉၁ အမျိုးအစား လက်ပစ်ဗုံး တစ်လုံးသိမ်းဆည်းရမိခဲ့။

-ဇွန်လ ၁ ရက်နေ့ ၀၄၃၀ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့၊ ခရိုင်စုပေါင်းရုံးအား အကြမ်းဖက်သမားများက မြို့၏ အနောက်၊ တောင်၊ အနောက် တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာတို့မှ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း လူ/အဆောက်အဦ ထိခိုက်မှုမရှိကြောင်းသိရှိရ။

-ဇွန်လ ၁ ရက်နေ့ ၀၉၄၅ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့၊ မြို့နယ်စိုက်ပျိုးရေးရုံးအား အကြမ်းဖက်သမားများက မြို့၏ အရှေ့မြောက်၊ အနောက်ဘက် မီတာ ၉၀၀ ခန့်အကွာတို့မှ လက်လုပ်စိန်ပြောင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများပစ်ခတ်သောဗုံးသီးများမှာ ရပ်ကွက်အတွင်းရှိ လူနေအိမ်များပေါ်ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေါ်ဝင်းဝင်းနွယ် (၄၀) နှစ်တွင် ဝဲမျက်ခုံး ဗုံးစရှပ်မှန်၊ ယာပါး ဗုံးစထိမှန် (မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့သဖြင့် ယင်းမာပင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့။

-ဇွန်လ ၁ ရက်နေ့ ၁၅၄၅ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာရှိ ရကစ (ဆိပ်ခွန်) အပေါ်သို့ အကြမ်းဖက်သမားများက Drop ဗုံး ၃ လုံးပစ်ချဖောက်ခွဲခဲ့သဖြင့် စခန်းရုံးအတွင်း ထိန်းသိမ်းထားသော Mark II မော်တော်ယာဉ်တစ်စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရ။

-ဇွန်လ ၁ ရက်နေ့ ၁၄၀၀ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် မြေဖြူကျေးရွာအနီး ရေစကြို-ချောင်းဦးသွားကားလမ်းဘေး ဝဲ/ယာမှ လက်လုပ်မိုင်းမျိုးစုံ ၃၄ လုံးအား သိမ်းဆည်းရမိခဲ့။

 -ဇွန်လ ၁ ရက် ၁၂၅၀ အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ၄၁ လမ်း၊ ၈၆ ၈၇ လမ်းကြားရှိ ဦးဝင်းအောင် (၅၂) နှစ် ကျောက်စိမ်းပုတီးလုပ်ငန်း လုပ်ကိုင်သူ၏နေအိမ်သို့ အကြမ်းဖက်သမား ၂ ဦးမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး လက်လုပ်မိုင်း ၁ လုံးပစ်ပေါက်ဖောက်ခွဲခဲ့သဖြင့် နေအိမ်ခေါင်မိုးပေါ်သို့ကျရောက် ပေါက်ကွဲခဲ့ပြီး အမိုးသွပ် ၂ချပ် ပျက်စီးခဲ့ကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်းသိရှိရ။

-ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိးမြိုမှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ ဂိုဏ်းကို လုယက်ထားတဲ့ ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းဆီးနိုင်ခဲ့။