ဆောင်းရာသီမှာအဖြစ်များတတ်တဲ့ ကျန်းမာရေးပြဿနာတွေအကြောင်း…

ရာသီအလိုက်ကတော့ ကျန်းမာရေးပြဿနာတွေ တစ်ခုမဟုတ်တစ်ခုရှိကြစမြဲပါ။ ဒီလိုပဲ ဆောင်းရာသီမှာလည်း အဖြစ်များတတ်တဲ့ ကျန်းမာရေးပြဿနာတွေရှိလို့နေပါတယ်။

1) ပန်းနာရောဂါပြန်ထတာ
ပန်းနာရင်ကြပ်ရောဂါဆိုတာ အသက်ရှုလမ်းကြောင်းရောင်ရမ်းတာကြောင့်ကျဥ်းပြီး ကြပ်တတ်တဲ့ရောဂါတစ်ခုပါ။ ဒီလိုပန်းနာရောဂါဟာ အေးတဲ့အချိန် ဆောင်းတွင်းတွေမှာ ပြန်ထလာတတ်ပါတယ်။ သာမန်ဆိုရင်တောင် အေးတဲ့မနက်ခင်းတွေ၊ ညနေဆောင်းတွေဆို ထထကြပ်တတ်တဲ့ရောဂါတစ်ခုပါ။ အဲ့တာကြောင့် ပန်းနာရောဂါ ကိုယ့်မှာရှိတယ်ဆိုရင် အေးစက်တဲ့လေကို အရမ်းမရှုရှိုက်မိအောင် လည်ပင်းမှာ လည်စည်းပတ်ပြီး ပါးစပ်နဲ့နှာခေါင်းကို တတ်နိုင်သမျှ cover လုပ်ထားတာမျိုးပြုလုပ်ပေးပါ။ တတ်နိုင်သမျှနွေးနွေးထွေးထွေးနေပါ။

2) ရာသီတုပ်ကွေးရောဂါဖြစ်တာ
ဆောင်းတွင်းအေးလာပြီဆိုရင် ရာသီတုပ်ကွေးဖြစ်တတ်တယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ကြမှာပါ။ ဒီလို ရာသီတုပ်ကွေးရောဂါပိုးဟာ
ဖျားနေတဲ့သူက ချောင်းဆိုးတဲ့အခါကူးစက်တာ၊တုပ်ကွေးရှိနေတဲ့သူက ကိုင်ထားတဲ့ အရာဝတ္ထုတွေနဲ့ထိတွေ့ကိုင်တွယ်မိတာဆိုရင်ကူးစက်နိုင်တဲ့အတွက် ဖျားနေတဲ့ ချောင်းဆိုးနေတဲ့သူတွေနဲ့ဝေးဝေးနေပါ။ တစ်ခုခုကိုကိုင်တွယ်ပြီးတာနဲ့ လက်ကိုသေချာ ဆပ်ပြာနဲ့ဆေးကြောပါ။ ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးထားပါ။

3) အသားအရေခြောက်တာ၊ အသားပတ်တာ
ဆောင်းဝတ်လာပြီဆိုတာနဲ့ ခန္တာကိုယ်ကရေဓာတ်ဆုံးရှုံးလာပြီး အသားအရေခြောက်တာ၊အသားပတ်တာ၊ အရေပြားအဖတ်လန်တာတွေဖြစ်လာတတ်ပါတယ်။ ဒီလိုတွေမဖြစ်အောင် အသားအရေအစိုဓာတ်ထိန်းတဲ့ Skincare တွေသေချာ သုံးပေးတာ၊ ရေပူနဲ့ အချိန်ကြာကြာရေချိုးတာတွေ နှုတ်ခမ်းကိုခဏခဏ လျှာနဲ့သပ်တာမျိုးတွေရှောင်တာပြုလုပ်ပေးပါ။

4) နှလုံးရောဂါထဖောက်တာ
ဆောင်းတွင်းမနက်ပိုင်းစောစောဆို အိပ်ယာထဲပဲကွေးနေတဲ့သူတွေရှိသလို အားကစားထလုပ်တဲ့သူတွေလည်းရှိပါတယ်။ ဒါပေမယ့် ဒီလိုအားစကားလုပ်တာဟာ သင့်မှာ နှလုံးရောဂါရှိနေရင်တော့ သတိထားပါ။ ပေါ့ပေါ့ပါးပါးမလုပ်ပဲနဲ့ ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းတွေပြုလုပ်မိတဲ့အခါ နှလုံးမှာဖိအားပိုသက်ရောက်တဲ့အတွက် သင့်နှလုံးရောဂါအခြေအနေပိုဆိုးပြီး နှလုံးထဖောက်တာတွေထိဖြစ်နိုင်ပါတယ်။

5) အဆုတ်ရောင်ရောဂါဖြစ်တာ
တကယ်လို့ သင်ဟာ ရာသီတုပ်ကွေးရောဂါဖြစ်ပြီး ရပ်ပိုင်းအတွင်းမှာ မသက်သာဘူး၊ မောလည်းမောလာတယ်၊ အသက်ရှုနှုန်းတွေလည်းမြန်လာတယ်ဆိုရင်တော့ သင့်မှာ အဆုတ်ရောင်ရောဂါဖြစ်ဖို့ ရာခိုင်နှုန်းများနေပြီမို့လို့ ဆရာဝန်နဲ့အမြန်ပြသသင့်ပါတယ်။

ဒေါက်တာမြူနှင်း