ဆာဂျင်ရတ်ကလစ်ထံ မန်ယူကိုရောင်းချမယ့် ဂလေဇာ

ဂလေဇာတွေဟာ သူတို့ပိုကြိုက်တဲ့ ကမ်းလှမ်းသူအဖြစ် ဆာဂျင်ရတ်ကလစ်ကို ရွေးချယ်ထားတာနဲ့အတူ မန်ချက်စတာယူနိုက်တက်ကို ရောင်းချဖို့ကိစ္စဟာ နောက်ဆုံးတော့ အပြီးသတ်နိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။
ကလပ်ကို ဝယ်ယူခွင့်ရဖို့ ကမ်းလှမ်းမှု ၃ကြိမ် လုပ်ခဲ့ရတဲ့ ၅လတာ ကာလအတွင်း Ineos တည်ထောင်သူ ရတ်ကလစ်ဟာ ကာတာဘဏ်လုပ်ငန်းရှင် ရှိတ်ဂျက်ဆင်း ဘင်ဟာမက် အယ်ထာနီနဲ့ ပြိုင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
တခြားသော အသေးစား ရှယ်ယာကမ်းလှမ်းမှုတွေလဲ ရှိခဲ့ပေမယ့် အဓိက ကမ်းလှမ်းမှု ၂ခုက ရတ်ကလစ်နဲ့ ရှိတ်ဂျက်ဆင်းတို့ဆီက လာတာဖြစ်ပြီး အခု နောက်ဆုံးတော့ ဂလေဇာတွေစိတ်ကြိုက် ကမ်းလှမ်းသူက ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။
ဂလေဇာတွေဟာ ရတ်ကလစ်နဲ့ Ineos ကို ရွေးချယ်ခဲ့တာဖြစ်ပြီး တရားဝင် ကြေညာမှုက ရက်ပိုင်းအတွင်း ဖြစ်လာနိုင်ပါတယ်။
ကာတာရဲ့ ကမ်းလှမ်းမှုက ရတ်ကလစ်ထက် ပိုများပြီး ပေါင် ၅ဘီလျံဝန်းကျင် ရှိပေမယ့် ရတ်ကလစ်က အခုချိန်မှာ ကလပ်ရဲ့ ၅၀ ရာခိုင်နှုန်းကိုသာ ဝယ်ယူမှာဖြစ်ပေမယ့် စုစုပေါင်း ကမ်းလှမ်းမှုတန်ကြေးက ပေါင် ၆ဘီလျံနီးပါး ရှိခဲ့တာ ဖြစ်ပါတယ်။
ခေါင်းဆောင်ပိုင်း အပြောင်းအလဲဟာ စီနီယာ စီမံခန့်ခွဲမှုနေရာ အပြောင်းအလဲများစွာ ဖြစ်စေနိုင်ပြီး အမှုဆောင်ချုပ် ရစ်ချတ်အာနိုးက ထုတ်ပယ်ခံရမယ့် ပထမဆုံး နာမည်ကြီး ဘုတ်အဖွဲ့ဝင်တွေထဲက တစ်ယောက် ဖြစ်ပါလိမ့်မယ်။
ဂလေဇာတွေဟာ သူတို့စိတ်ကြိုက် ကမ်းလှမ်းမှုကို ဆုံးဖြတ်ခဲ့ပြီးဖြစ်ပေမယ့်လဲ အရောင်းအဝယ်ကိစ္စ ပြီးမြောက်ဖို့က လများစွာ ကြာမြင့်နိုင်ပြီး နွေရာသီမှာ ယူနိုက်တက်အတွက် အပြောင်းအရွှေ့တွေလုပ်ဆောင်နိုင်စွမ်းအပေါ် အဟန့်အတား ဖြစ်စေလောက်ပါတယ်။