ဆန်ပိုးတက်စေတဲ့ အကြောင်းရင်းများနှင့် ကာကွယ်ရန်နည်းလမ်းများ

ဆန်ပိုးဘယ်ကစသလဲဆို ဆန်ရဲ့သဘာဝအရ ကြာရှည်သိုလှောင်ထားရင် ပိုးတက်လေ့ရှိပါတယ်။
ကြိတ်သားပေါ်မှာ မူတည်ပြီးတော့လည်း စက်ရုံကထွက်လာတဲ့ ကြိတ်သားကောင်းရင်
ကောင်းသလို ၃လအထိ အထားခံတာမျိုးလည်း ရှိပါတယ်။ ကြိတ်သားသိပ်မကောင်းတဲ့ဆန်မျိုးကျတော့
(၁)လလောက်အထိပဲ အထားခံတာမျိုးလည်း ရှိတတ်ပါတယ်။ ဆန်ပိုးတက်တဲ့ရာသီရယ်လို့တော့
သီးသန့်မရှိပါဘူး။ ဒါပေမယ့် ဆန်သစ်ပေါ်တဲ့အချိန်မျိုးတွေမှာ ဆန်ပိုးတက်တာပိုများပါတယ်။
နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလတွေမှာ ဆန်ပိုးတက်တာ အများဆုံးဖြစ်ပါတယ်။
ဆန်ပိုးတက်ပြီဆိုရင် ပထမအဆင့်မှာ…
ဆန်ပိုးအမတွေက ဆန်စေ့တွေကို ဖောက်ပြီးဥဥပါတယ်။ ဆန်ပိုးတစ်ကောင်ရဲ့ သက်တမ်းက ပျမ်းမျှ
၂၇ရက်မို့ ဆန်ပိုးအမတစ်ကောင်ဟာ သူ့သက်တမ်းအတွင်း အကြမ်းဖျဉ်းအားဖြင့် ဥပေါင်း ၃၀၀ကျော် ဥပါတယ်။
ဥကတစ်ဆင့်ဆန်ပိုးတွေပေါက်ဖွားလာပါတယ်။
ဒုတိယအဆင့်မှာ…
ဆန်ပိုးအကောင်တွေ ပိုကြီးလာပြီး ပေါက်ပွားနှုန်းလည်း ပိုမြန်လာပါတယ်။ ဒီအဆင့်အထိ ဆန်ပိုးတွေကို
ဖယ်ရှားပြီး ဆန်အကောင်းကို ပြန်ရွေးလို့ရနိုင်ပါသေးတယ်။
တတိယအဆင့်ရောက်သွားရင်တော့…
ဆန်တွေက လက်နဲ့ဖြစ်လိုက်ရင်ကို ကြေမွသွားတာမျိုး၊ ဘယ်လိုမှကို ချက်လို့မရတော့တာမျိုး ဖြစ်သွားပြီး
လွှင့်ပစ်လိုက်ရတော့တာပါပဲ။
အဲဒီတော့ဆန်ပိုးမတက်အောင် ဆန်ကို ဆန်အိတ်ထဲမှာပဲ သိုလှောင်ထားမယ်ဆိုရင် ဆန်ပိုးမတက်ခင်
အိတ်သားအရင်တက်လေ့ရှိပါတယ်။ အိတ်သားတက်တယ်ဆိုတာ ဆန်ကမဖွေးတော့ဘဲ ညိုညစ်ညစ်ဖြစ်လာတာမျိုးပေါ့။
ဒါကြောင့်ဆန်ကို အိတ်အစား ဆန်အိုး၊ ဆန်ပုံးတို့နဲ့သိုလှောင်သင့်ပါတယ်။
ကြက်သွန်နီ၊ ငြုပ်သီးခြောက်၊ မီးသွေးတို့ကို ဆန်အိုးထဲရောထည့်ထားရင်လည်း ဆန်ပိုးတက်ခြင်းကို သက်သာစေနိုင်ပါတယ်။
ဆန်ပိုးဖယ်ရှားနည်း
ဆန်ပိုးမတက်အောင် နည်းမျိုးစုံနဲ့ကာကွယ်နေတဲ့ကြားက ဆန်ပိုးတက်လာပြီဆိုရင်တော့ အောက်ပါနည်း(၃)နည်းနဲ့လည်း
ဖြေရှင်းနိုင်ပါသေးတယ်။
ပထမနည်း
ဆန်ကိုနေပူပူထဲမှာ၁၅ မိနစ်လောက်ပြထားလိုက်ပါ။ ပြီးရင်စကောဝိုင်းထဲထည့်ပြီး ဆန်ပြာလိုက်ရင် အလယ်မှာ
ဆန်ပိုးတွေစုလာပါလိမ့်မယ်။
ဒုတိယနည်း
ဆန်ထည့်ထားတဲ့ အိတ်၊အိုး၊ပုံးတို့ကို ဖွင့်ပြီးတော့ဆန်ပေါ်မှာ အဝတ်စလေး အုပ်ပေးထားလိုက်ပါ။ ခဏကြာရင်
အဝတ်စပေါ်ကို ဆန်ပိုးတွေ တက်လာပါလိ့မ်မယ်။ အဝတ်ကိုရေမစိုအောင်တော့ သတိပြုဖို့လိုပါတယ်။
တတိယနည်း
ဆန်ကို ရေခဲသေတ္တာထဲ သုံးရက်ထည့်ထားလိုက်မယ် ဆိုရင်လည်း ဆန်ပိုးတွေကို နှိမ်နင်းပြီးသားဖြစ်ပါလိမ့်မယ်။