နှစ်ပေါင်း(၁၁၁) နှစ်အတွင်း ပထမဆုံးအကြိမ် တန်းဆင်းသွားခဲ့ရတဲ့ ဆန်းတို့စ်အသင်း

ဘရာဇီးလ်ဘောလုံးသမိုင်းတွင် ပီလီ၊ နေမာတို့ အပါအဝင် ဂန္ထဝင်ဘောလုံးသမားအများအပြားကို မွေးထုတ်ပေးခဲ့သည့် ဆန်းတို့စ်အသင်းသည် အသင်း၏ (၁၁၁) နှစ်တာ သမိုင်းကြောင်းတစ်လျှောက် ပထမဆုံးအကြိမ် တန်းဆင်းသွားခဲ့ရပြီဖြစ်ကြောင်းသိရှိရသည်။

ဆန်းတို့စ်အသင်းသည် ဘရာဇီးလ်စီးရီးအေပြိုင်ပွဲ၏ ရာသီပိတ်ပွဲစဉ်ဖြစ်သည့် ဖော်တာလီဇာအသင်းနှင့် ကစားခဲ့သည့်ပွဲစဉ်တွင် အိမ်ကွင်းတွင်ပင် (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် တန်းဆင်းသွားခဲ့ခြင်းလည်းဖြစ်သည်။

ဆန်းတို့စ်အသင်းသည် ကလပ်အသင်းသမိုင်းတွင် ပြည်နယ်ချန်ပီယံဖလားကို (၁၂) ကြိမ်၊ ဘရာဇီးလ်စီးရီးအေချန်ပီယံဖလားကို (၆) ကြိမ်နှင့် တောင်အမေရိကချန်ပီယံလိဂ်ဟုဆိုရမည့် ကိုပါလီဘာတေးဒိုးစ်ဖလားကို (၂) ကြိမ် ဆွတ်ခူးခဲ့ဖူးသည့် အသင်းတစ်သင်းလည်းဖြစ်သည်။

လက်ရှိ ဘရာဇီးလ်ဘောလုံးသမိုင်းတွင် လက်ရွေးစင်သွင်းဂိုးအများဆုံး စံချိန်ရှင်ဟောင်းဖြစ်သည့် ပီလီနှင့် မကြာသေးမီကမှ ပီလီကို ကျော်ဖြတ်ကာ ထာဝရဂိုးသွင်းအများဆုံးကစားသမားဖြစ်လာသည့် နေမာတို့နှစ်ဦးစလုံးကို မွေးထုတ်ပေးခဲ့သည့် ကလပ်အသင်းလည်းဖြစ်သည်။

လက်ရှိအချိန်တွင် ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလာအသင်းတွင် ကစားနေပြီး ဒဏ်ရာကြောင့် အနားယူနေရသည့် နေမာက ဆန်းတို့စ်အသင်း တန်းဆင်းသွားပြီးသည့်နောက် သူ၏ Instagram အကောင့်၌ ”ဆန်းတို့စ်အသင်းက ဆန်းတို့စ်အသင်းပါပဲ။ ငါတို့ ပြုံးပျော်ရတဲ့အချိန် ပြန်ရောက်လာမှာပါ”ဟု ရေးသားပြီး အားပေးစကားဆိုခဲ့သည်။

အခြားနာမည်ကျော်ကစားသမားများကလည်း ဆန်းတို့စ်အသင်း တန်းဆင်းသွားရခြင်းနှင့်ပတ်သက်၍ ဝမ်းနည်းစကားဆိုခဲ့ကြပြီး ဆိုရှယ်မီဒီယာများတွင်လည်း ရေးသားဖော်ပြခဲ့ကြသည်။