စားသုံးသူဈေးကွက်မှာဝက်သားဈေးကျဆင်းမှုမရှိပေမယ့် မွေးသူတွေအရှုံးပေါ်နေဟုဆို

လက်လီဝက်သားဈေးတွေအနေနဲ့စားသုံးသူ ဈေးကွက်ထဲကျဆင်းလာမှုမရှိပေမယ့် ဝက်မွေးမြူသူတွေကတစ်ဆင့်ရောင်းချနေတဲ့အသားတိုးဝက်ခြံဖမ်းဈေးတွေ ဆက်တိုက်ကျဆင်းမှုရှိလာနေတယ်လို့ ဝက်မွေးသူတွေထံကနေသိရပါတယ်။

အသားတိုးဝက်ခြံဖမ်းဈေးဟာ ဇွန်လက စပြီး ဆက်တိုက်ဈေးတွေကျဆင်းလာနေရာ တစ်ပိဿာကို ငွေကျပ် ၈၀၀၀ကျပ်အောက်အထိဈေးထိုးကျနေတယ်လို့ဆိုပါတယ်။

အဲ့ဒီလို မွေးမြူရေးအသားတိုးဝက်ဈေး ကျဆင်းမှုဟာ ဝက်မွေးမြူရေခြံတွေမှာ ရောဂါကူးစက်တဲ့ ဝက်တွေ ဈေးကွက်ကို ဝင်ရောက်လာနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဈေးကျလာတာဖြစ်ပြီး မွေးမြူသူတွေအနေနဲ့ အစာဈေးတွေအတက်နဲ့ကြုံတွေ့ရတာကြောင့်လည်းအရှုံးပေါ်နေတာလို့သိရပါတယ်။

အသားတိုးဝက်ခြံဖမ်းဈေးဟာ တစ်နေရာနဲ့တစ်နေရာဈေးကွာခြားမှုမရှိပဲ အများဆုံးဈေးအနေနဲ့ ၁၀၂၀၀ကျပ် ကနေ အနည်းဆုံး ဈေးအနေနဲ့ ၇၆၀၀ကျပ်အထိ မြန်မာပြည်ရဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် ဈေးနှုန်းများသတ်မှတ်ထားတယ်လို့ဆိုပါတယ်။

” ဝက်ဈေးက မနှစ်ကထက်ကို ပိုကျသွားတယ်။ မနှစ်ကဒီလိုအချိန်မှာတောင်ဝက်ဈေးက အခုထက် ဈေးပိုရတယ်။ဝက်ခြံတွေအနေနဲ့လည်းရောဂါတွေဖြစ်နေတော့ စိုးရိမ်ပြီးရတဲ့ဈေးနဲ့ပဲရောင်းရတယ်။ ဝက်က ခြံဖမ်းဈေးသာကျတာ တစ်ကယ်ပြည်သူစားသုံးတဲ့ဈေးကွက်မှာတော့ဈေးတက်နေတုန်း”လို့ ဝက်မွေးမြူရေးလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

ဝက်မွေးမြူရေးကို မြန်မာတစ်နိုင်ငံလုံးမှာ တပိုင်တနိုင်အနေနဲ့ရော စီးပွားဖြစ်ဝက်ခြံအကြီးများတည်ဆောက်ကာမွေးမြူမှုအနေနဲ့ပါလုပ်ကိုင်လျှက်ရှိပါတယ်။

စားသုံးသူလက်လီဈေးကွက်အတွင်းမှာ ဝက်သားဈေးအနေနဲ့ တစ်ပိဿာကို ငွေကျပ် ၁၈၀၀၀ ကနေ ၂၂၀၀၀ကျပ်အထိပေါက်ဈေးဖြစ်ပေါ်နေတယ်လို့သိရှိရပါတယ်။