စနူကာလောကရဲ့ ၈ ကြိမ်မြောက် ဗိုလ်စွဲခဲ့တဲ့ အသက်အကြီးဆုံးချန်ပီယံ

စနူကာလောက၏ ဂုဏ်သိက္ခာအရှိဆုံးပြိုင်ပွဲသုံးခု Triple Crown အနက် တစ်ခုအပါအဝင်ဖြစ်သည့် မာစတာပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်(၁)အင်္ဂလန်ကစားသမား ရွန်နီအိုဆူလီဗန် (၈)ကြိမ်မြောက် အနိုင်ရဗိုလ်စွဲပြီး အသက်အကြီးဆုံးချန်ပီယံအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အကြိမ်(၅၀)မြောက် မာစတာစနူကာပြိုင်ပွဲကို အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၌ ဇန်နဝါရီ (၇) ရက်မှ (၁၄) ရက်အထိ ကျင်းပခဲ့ပြီး ဗိုလ်လုပွဲတွင် အိမ်ရှင်အင်္ဂလန်ကစားသမားနှစ်ဦးဖြစ်သည့် အိုဆူလီဗန်နှင့် အလီကာတာတို့ တွေ့ဆုံခဲ့သည်။

ဗိုလ်လုပွဲကို Best of 19 ပုံစံ ယှဉ်ပြိုင်ကစားခဲ့ပြီး အိုဆူလီဗန်အနေဖြင့် ညနေပိုင်းပွဲစဉ်စတင်ချိန်အထိ (၆-၃) ပွဲဖြင့် ရှုံးနိမ့်နေခဲ့သည်။

သို့သော် ဆက်လက်ယှဉ်ပြိုင်ကစားသည့်(၈)ပွဲတွင် အိုဆူလီဗန်က (၇)ပွဲအထိ အနိုင်ရကာ လက်ကျန်နှစ်ပွဲကစားရန်အလိုမှာပင် (၁၀-၇)ပွဲဖြင့် အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

အိုဆူလီဗန်သည် မာစတာပြိုင်ပွဲတွင် အအောင်မြင်ဆုံး စံချိန်တင်ထားပြီး စုစုပေါင်း(၈)ကြိမ်မြောက် (၁၉၉၅၊ ၂၀၀၅၊ ၂၀၀၇၊ ၂၀၀၉၊ ၂၀၁၄၊ ၂၀၁၆၊ ၂၀၁၇၊ ၂၀၂၄) ဗိုလ်စွဲခြင်းဖြစ်သည်။

အသက် (၄၈ နှစ်၊ ၄၀ ရက်)ရှိပြီဖြစ်သူ အိုဆူလီဗန်သည် ပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး စံချိန်တင်ထားသလို၊ ၂၀၂၀ ပြိုင်ပွဲတွင် အသက်အကြီးဆုံး စံချိန်တင်ထားသည့် စတူးအပ်ဘင်ဂမ်၏ (၄၃ နှစ်၊ ၂၄၃ ရက်)စံချိန်ကိုပါ ချိုးဖျက်၍ အသက်အကြီးဆုံးချန်ပီယံအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

၎င်းအနေဖြင့် ဒီဇင်ဘာတွင် ကျင်းပသည့် ယူကေချန်ပီယံရှစ်ပြိုင်ပွဲတွင်လည်း ဗိုလ်စွဲထားပြီး တစ်ရာသီအတွင်း Triple Crown ပြိုင်ပွဲ နှစ်ပွဲဆက်တိုက် ချန်ပီယံအောင်မြင်မှုရယူနိုင်ခြင်းမှာ ကစားသမားဘဝတွင် ပထမဆုံးအကြိမ် ဖြစ်သည်။

♦ ပြိုင်ပွဲ၏ အအောင်မြင်ဆုံးကစားသမားများ

အမည်        ချန်ပီယံ    ဒုတိယ

အိုဆူလီဗန်    ၈ ကြိမ်    ၆ ကြိမ်

စတီဖင်ဟင်ဒရီ    ၆ ကြိမ်    ၃ ကြိမ်

မာ့ခ်ဆဲလ်ဘီ    ၃ ကြိမ်    ၂ ကြိမ်

ကလစ်ဖ်သော်ဘန်း    ၃ ကြိမ်    ၁ ကြိမ်