စက်တော်ရာစေတီ ဘုရားသမိုင်း

စက်တော်ရာစေတီသည် မင်းဘူးမြို့မှ အနောက်တောင်ဘက် ၂၆ မိုင်ကွာဝေးသော အနောက်ရိုးမ အရှေ့ဘက်ဆုံး
တောင်စွယ်ပေါ်တွင် တည်ရှိသည်။ စက်တော်ရာစေတီကို ရွှေစက်တော် ဟူ၍လည်​ကောင်း၊ မန်းစက်တော်ရာ
ဟူ၍လည်းကောင်း၊ မန်းရွှေစက်တော် ဟူ၍လည်းကောင်း ခေါ်ကြသည်။ စက်တော်ရာသို့ ဘုရားဖူးသွားလိုလျှင်
မင်းဘူးနှင့် စကုမြို့များမှတစ်ဆင့် ကားလမ်းဖြင့် အလွယ်တကူသွားရောက်နိုင်သည်။ စက်တော်ရာသည် စကုမြို့၏
အနောက်တောင်ဘက် ၁၆ မိုင် အကွာတွင် တည်ရှိသည်။ စက်တော်ရာသည် အောက်စက်တော်ရာနှင့် အထက်
စက်တော်ရာဟူ၍ နှစ်ဌာနရှိသည်။ တောင်ပေါ်တွင် ရှိသော ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ခြေတော်ရာတစ်ဆူကို
အထက်စက်တော်ရာဟု ခေါ်ကြ၍ တောင်အောက် မန်းချောင်းဘေး၌ရှိသော ခြေတော်ရာတစ်ဆူကို
အောက်စက်တော်ရာဟု ခေါ်ကြသည်။
ဘုရားသမိုင်း
ဂေါတမမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ ဝါတော် ငါးဝါမြောက်သောအခါ သုနာပရန္ထတိုင်း၊ လယ်ကိုင်းမည်
သော ဝါဏိဇ္ဇဂါမ၌ မဟာပုဏ် (မဟာပုဏ္ဏ)၊ စူဠပုဏ် (စူဠပုဏ္ဏ) ကုန်သည်ညီနောင် နှစ်ယောက်တို့သည်
ဘုရားသခင်အား ပန်ကြား၍ စန္ဒကူးနံ့သာကျောင်းကို ဆောက်၏။ ဘုရားသခင်လည်း သာဝတ္ထိပြည်၊ ဇေတဝန်
ကျောင်းတော်မှ ပြာသာဒ်ယာဉ်ပျံ ၅ဝဝ တွင် ရဟန္တာငါးရာတို့အား လိုက်ပါစေပြီး အခြံအရံ ပြုလျက် ကောင်းကင်
ခရီးဖြင့် ကျောင်းတော် မပြီးမခြင်း အကြိမ်ကြိမ် ကြွတော်မူလာ၏။
ဤကိုရည်၍ ရှင်မဟာသီလဝံသ အရှင်သူမြတ်က တံတားဦးတည် မော်ကွန်းတွင် ‘သုနာပရန်၊ ကျွန်းမွန်အောင်နှိပ်၊
တမ္ဗဒိပ်ဟု၊ တံဆိပ်နှစ်ထပ်၊ စက်ရှင်ကွပ်၍၊ မြန်ရပ်တမူ၊ စည်လိမ့်ဟူသား၊ လှိုင်ကြူမေတ္တာ၊ ဈာန်ချမ်းသာဖြင့်
စမ္ပာယ် ဓာတ်လှောင်း၊ နံ့သာကျောင်းဝယ်၊ ကျန်းအောင်ဘုန်းကြီး၊ ဆုံးမငြီးလျှင် မပြီးမခြင်း၊ လုပ်စဉ်တွင်း၌
သနင်းခေါက်ခေါက်၊ ကြိမ်ကြိမ်ရောက်၏’ဟူ၍ စပ်ဆိုထားခဲ့လေသည်။
ထိုကျောင်းပြီးသောအခါ အလှူခံတော်မူပြီးလျှင် ခုနစ်ရက်ပတ်လုံး ဈာန်၏ ချမ်းသာဖြင့် မွေ့လျော်တော်မူ၍
တရားဒေသနာ တိုက်ကျွေးတော်မူသည်။
ထိုနောက် ဝါဏိဇ္ဇဂါမသို့ ဆွမ်းခံကြွတော်မူရာ နမ္မဒါမြစ်(ယခု မန်းချောင်း)နားသို့ ရောက်တော်မူသည်။
ထိုအခါ ထိုမြစ်၌နေသော နမ္မဒါနဂါးမင်းသည် မြတ်စွာဘုရား၌ အလွန်ကြည်ညိုသဖြင့် နဂါးပြည်သို့ ပင့်လျက်
ကြီးစွာသော ပူဇော်သက္ကာရတို့ဖြင့် တရားတော်ကို နာ၏။
တရားနာပြီးသော် ဘုရားသခင်အား ကိုးကွယ်ရာ အမွေတစ်စုံတစ်ခုကို ပေးတော်မူခဲ့ပါရန် လျှောက်ထားသည့်အတွက်
မြတ်စွာဘုရားလည်း နမ္မဒါမြစ်နား၌ ခြေတော်ရာပါဒစေတီကို ထားတော်မူခဲ့သည်။
ထိုစက်တော်ရာကို အောက်စက်တော်ရာဟု ခေါ်ကြ၏။
မြတ်စွာဘုရားသည် ထိုမှ သစ္စာဗန္ဓတောင်ထိပ်သို့ ကြွတော်မူ၏။ တောင်ထိပ်သို့ ရောက်တော်မူလျှင် ထိုအရပ်တွင်
ရှိသော သစ္စဗန္ဓ ရသေ့ကို တရားဟောတော်မူ၍ အရဟတ္တဖိုလ်၌ တည်စေသည်။
သစ္စဗန္ဓထေရ်လည်း အရိုအသေ ကိုးကွယ်ရာကို တောင်းပန်ရာ မြတ်စွာဘုရားလည်း တစ်ခဲနက်သော အပြင်ရှိ
ကျောက်ဖျာထက်၌ စိုသော မြေစိုင်ခဲပေါ်တွင် တံဆိပ်ခတ်ဘိသကဲ့သို့ စက်တော်ရာပါဒစေတီကို ချတော်မူ၏။
ထို့နောက် သာဝတ္ထိပြည်၊ ဇေတဝန် ကျောင်းတော်သို့ ပြန်ကြွတော်မူသည်။
ဒုတိယချတော်မူသော ဤခြေရာတော်ကို အထက်စက်တော်ရာ ဟု ခေါ်တွင်ကြသည်။
ယင်းသို့ ခြေတော်ရာနှစ်ဆူ ချတော်မူသည်ကို ရှင်မဟာသီလဝံသသည် တန်တားဦးတည်မော်ကွန်း၌
‘ကျယ်ပြောနောင်လာ၊ ငါ့ရိုက်ရာကား၊ သုနာပရန်၊ ကျွန်းမွန် အောင်နှိပ်၊ တမ္ဗဒိပ်ဟု၊ တံဆိပ်နှစ်ထပ်၊ စက်ရှင်ကွပ်၍’
ဟူ၍လည်းကောင်း၊ ရှင်မဟာရဋ္ဌသာရ တံတားဦးတည် မင်္ဂလာစေတီမော်ကွန်း၌ ‘ရွှေစက်နင်းနှိပ်၊ ရာတံဆိပ်ဖြင့်၊
မာရ်နှိပ်ထက်ကြပ်၊ စက်ရှင်ကွပ်သား’ ဟူ၍လည်းကောင်း၊ ‘နမ္မဒါဟု၊ မြစ်သာကမ်းနား၊ တောင်ထွတ်ဖျားဝယ်၊
နှစ်ပါးတူကွ၊ ရာတော်ပြလျက်၊ လောကသခင်၊ မျှလောက်စင်သည်၊ စည်ပင် သာသနာ၊ တည်ကြာလာမည်’ဟူ၍
လည်းကောင်း၊ စပ်ဆိုခဲ့သည်။ ထို့ပြင် ရှင်မဟာရဋ္ဌသာရ သည် ရွှေစက်တော်သွား တောလားတွင်လည်း
‘ဘုန်းသန်သကျ၊မိုနိန္ဒလျှင်၊ ရွှင်ပျကြည်ဖြူ၊ ဟောတော်မူသည်၊ လေးဆူ ကျွန်းမြတ်၊ ဘုန်းထွဋ်သိရိ၊ တမ္ဗဒိထက်၊
ကျော်သိထင်ရှား၊ ကျေးဇူးများ၏၊ နဂါမုဆိုး၊ ရိုကျိုးတောင်းပန်၊ ပူဇော်ရန်ဟု နမန္ထာနား၊ ရာ့တပါးနှင့် တောင်ဖျား
ကျောက်ထိပ်၊ နင်းနှိပ် ရာတော်၊ နှစ်ဘော်ရွှေစက်၊ ရောင်ပြိုးပြက်သည်၊’ဟူ၍ စပ်ဆို ထားသည်။