ခရီးသွားပွင့်လင်း ရာသီအစတွင် တန်ဆောင်တိုင်ပွဲတော်နှင့် ဘုရားဖူးခရီးစဉ် အပန်းဖြေ ခရီးစဉ်တို့အတွက် ခရီးသွားများပြင်ဆင်လျှက်ရှိ

၂၀၂၂ ခုနှစ်၏ နိုဝင်ဘာပွင့်လင်းရာသီ ခရီးသွားရာသီသို့ စတင်ဝင်ရောက်လာချိန်တွင်   ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများမှ ခရီးသွားများ

ပြင်ဦးလွင်နှင့်လားရှိုး တန်ဆောင်တိုင်မီးပုံးပျံ ပွဲတော်နှင့် ဘုရားဖူးခရီးစဉ်၊    အပန်းဖြေခရီးစဉ်တို့ အတွက်ပြင်ဆင်နေကြောင်း  သိရှိရပါတယ်။

နိုဝင်ဘာလ ပွင့်လင်းရာသီမတိုင်မီကပင် အဘအောင်မင်းခေါင်ပွဲ၊ တောင်ပြုံးပွဲ၊ ပုဂံ၊ ပုပ္ပား၊ ပင်လယ်ကမ်းခြေများနှင့် သီတင်းကျွတ်ပွဲတော်

ကာလတို့တွင် ဘုရားစေတီတို့၌ ပြည်တွင်းခရီးသွားများ စည်ကားခဲ့ပြီး ယခုလတန်ဆောင်တိုင် ပွဲတော်ကာလ၌ မီးပုံးပျံပွဲတော်၊ တောင်ပေါ်ဒေသအပန်းဖြေခြင်း၊

ပင်လယ်ကမ်းခြေအပန်းဖြေခြင်းနှင့် ဘုရားဖူးခရီးစဉ်တို့ အတွက် လေကြောင်းလိုင်း၊ ကုန်း လမ်းခရီးတို့ဖြင့် ခရီးသွားလာမှုအတွက်

အပန်းဖြေဝန်ဆောင်မှု အသင်းတို့နှင့် ချိတ်ဆက်၍ ကြိုတင်ပြင်ဆင်လျက် ရှိသလို “လားရှိုးမီးပုံးပျံပွဲထက် ပြင်ဦးလွင်မီးပုံးပျံပွဲ ကို ခရီးသွားတွေ

အထူးစိတ်ဝင်စားကြတယ်။ ပုပ္ပား၊ ပုဂံ၊  မန္တလေး၊ အင်းလေး၊ ပင်းတယခရီးစဉ်ကိုလည်း စိတ်ဝင်စားကြပါတယ်။

အပန်းဖြေခရီးဆိုရင် ချောင်းသာ၊ ငွေဆောင်၊ ငပလီသွားမယ့်သူလည်း များတယ်။ မဟာဗောဓိမြိုင် ဆရာတော်ကြီးဖူးတဲ့ ခရီးစဉ်လည်း သွားကြတာများတယ်။

ခရီးသွားတွေကို မှန်လုံယာဉ်နဲ့ပို့ပေးပြီး  ထမင်းကျွေးတယ်။ ဟိုတယ် တည်းခိုဖို့အတွက်လည်း စီစဉ်ပေးတယ်။ တန်ဆောင်တိုင်ပွဲတော်ကနေ နှစ်သစ်ကူးအထိ

ဆက်တိုက်ခရီးသွား ဝန်ဆောင်မှုရှိနေပါတယ်။  ကျိုက်ထီးရိုး ခရီးစဉ်ကိုလည်း တောင်တက်ခရီးစဉ်နဲ့   တည်းခိုမှုအခမဲ့၊ စတုဒိသာ အကျွေးအမွေးတွေ ရှိတာကြောင့်

ထူးခြားတဲ့ဝန်ဆောင်မှုနဲ့အတူ ဘုရားဖူး တွေသွားကြမှာပါ။

မြန်မာပြည်တွင် နှစ်စဉ်ပြည်တွင်းခရီးသွား ရှစ်သန်းခန့်ခရီး သွားလာလျက်ရှိပြီး ခရီးသွားအများဆုံး ဝင်ရောက်သောနေရာမှာ

ကျိုက်ထီးရိုး စေတီတော်ဖြစ်၍ ဒုတိယအများဆုံးမှာ   ပုဂံယဉ်ကျေးမှု နယ်မြေဖြစ်သည်။ အောက်တိုဘာလ သီတင်းကျွတ်ပွဲတော်မှ

ဧပြီလ သင်္ကြန်ကာလအထိ မြန်မာပြည်တွင် ပွဲတော်ရက်အရှည်ဆုံး၊ ဘုရားဖူး ဝင်ရောက်မှုအများဆုံးနှင့် အစည်ကားဆုံး နေရာမှာ

ကျိုက်ထီးရိုးစေတီတော်မြတ်ဖြစ်ပြီး  ၂၀၁၈-၂၀၁၉ ခုနှစ်စာရင်းအရ ကျိုက်ထီးရိုးသို့ ပြည်တွင်းခရီးသွား သုံးသန်းခန့် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းခရီး သွားလာမှုတွင် ၂၀၁၉ ခုနှစ်အထိ သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ နှစ်သစ်ကူးပွဲတော်အပါအဝင် သင်္ကြန်ကာလအထိ ခရီးသွားများဖြင့်

စည်ကားခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့ကပ်ရောဂါကြောင့် ခရီး သွားလာမှုရပ်နားခဲ့ရာ ၂၀၂၂ ခုနှစ်တွင် နိုင်ငံ တော်မှ ခရီးသွားကဏ္ဍကို ပြန်လည်ဖွင့်လှစ်ခဲ့၍

ပွင့်လင်းရာသီ မတိုင်မီကစ၍ ခရီးသွား များဖြင့် စည်ကားခဲ့သည်။ ၂၀၂၂ ခုနှစ် သြဂုတ်လတွင် တောင်ပြုံးပွဲ၊ စက်တင်ဘာလတွင် အဘအောင်မင်းခေါင်ထွက်ပွဲနှင့်

ပုပ္ပား တောင်ဘုရားဖူးတို့ဖြင့် အထူးစည်ကားခဲ့ပြီး အောက်တိုဘာလ၌   ပုဂံ၊ ညောင်ဦး၊တောင်ကြီး၊ မော်လမြိုင်(ကျိုက်ခမီ)၊ ငွေဆောင်၊ ချောင်းသာတို့၌

ခရီးသွားများ တဖွဲဖွဲဝင်ရောက်ခဲ့ကာ ယခုနိုဝင်ဘာလ၌ ဘုရား ဖူးခရီးစဉ်နှင့် အပန်းဖြေခရီးစဉ်တို့အတွက် ခရီးသွားလက်မှတ်များကို ကြိုတင်ဝယ်ယူ နေကြပါတယ်။

သဘာဝအရင်းအမြစ်နှင့် ရှေးဟောင်း ယဉ်ကျေးမှုများစွာ ထိန်းသိမ်းထားရှိသော မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားများ အထူး စိတ်ဝင်တစားလာရောက်လည်ပတ်လေ့ရှိပြီး

ပွင့်လင်းရာသီ၌ နိုင်ငံခြား ခရီးသွားများလည်း ဝင်ရောက်လာမည်ဖြစ်ရာ  ခရီးသွားများ ဝင်ရောက်ရာ   ဒေသအသီးသီးတို့တွင် ဒေသခံတို့၏   စီးပွားရေး အခွင့်အလမ်းများစွာ

ပိုမိုပွင့်လန်းလာစေရန် နိုင်ငံတော်မှ ခရီးသွားလာမှုကဏ္ဍကို  ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်ရှင်။