ကြက်ဥတစ်လုံး ၂၈၀ကနေ ကျပ် ၃၀၀အထိ ပေါက်စျေးရှိနေ

ယနေ့ကာလအထိ ကြက်ဥ/ဘဲဥစျေးနှုန်းများ ပြန်လည်ကျဆင်းမှုမရှိသေးဘဲ ကြက်ဥတစ်လုံးလျှင် ၂၈၀ ကျပ်ကနေ ကျပ် ၃၀၀ အထိ ပေါက်စျေးရှိနေတယ်လို့ အခြေခံစားသောက်ကုန်စျေးကွက်အတွင်းကနေ စုံစမ်းသိရှိရပါတယ်။

“ကြက်ဥစျေးတွေက အခုထိပြန်မကျသေးဘူး။ ကြက်ဥတစ်လုံး ၃၀၀ အထိပေးဝယ်နေရတုန်းပဲ၊ ၂၅၀ ဆိုတဲ့ဟာက အလုံးသေးတာပဲရတယ်။ အခုက တစ်ထောင်ဖိုးဝယ်ရင် ကြက်ဥလေးလုံးပဲရတော့တယ်။ ကြက်ဥတစ်လုံး ၃၀၀ ဆိုတော့ ဝယ်ရတာမျက်လုံးတွေတောင်ပြူးတယ်”လို့ သာကေတမြို့နယ်မှာနေထိုင်တဲ့ အိမ်ရှင်မတစ်ဦးက ပြောပြပါတယ်။

အဲ့ဒီလို ကြက်ဥစျေးနှုန်းတွေမြင့်တက်ရတာဟာ ကြက်အစာစျေးနှုန်းများ မြင့်တက်နေခြင်းကြောင့်ဖြစ်တယ်လို့လည်း အခြေခံစားသောက်ကုန်စျေးကွက်အတွင်းကနေ စုံစမ်းသိရှိရပါတယ်။