ကံဆိုတာ ထပ်ဖြည့်ပေးရတယ်

လူတွေရဲ့ ကံဆိုတာ
မိမိတို့အိမ်မှာ သုံးနေတဲ့ ရေကန်ရဲ့
သဘောတရား နဲ့အတူတူပါပဲ။

ရေကန်ထဲက ရေဟာ သုံးပြီးရင်
ထပ်ထပ် ဖြည့်ရသလို
လူတွေရဲ့ ကံဟာလည်း
ကုသိုလ်တရားတွေ
ထပ်ထပ် ဖြည့်ပေးဖို့ လိုပါတယ်။

တကယ်လိုများ ကောင်းမှုကုသိုလ်ကို
ထပ်ထပ် မဖြည့်ရင် အဲဒီလူဟာ
သက်တမ်းမကုန်ခင် ကံကုန်ပြီး
စောစောစီးစီး သေတတ်တဲ့သဘော ရှိပါတယ်။

မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော
သေခြင်းလေးမျိုးထဲက
သက်တမ်း မကုန်ခင် ကံကုန်ပြီး
သေရတဲ့ သေနည်းမျိုးပါ။
ဒါဟာ ကောင်းမှုကုသိုလ်ကံ ထပ်မဖြည့်လို့
သေရတဲ့ သေခြင်းပါ ။

ဘုရားရှင်လက်ထက်က သုံးနှစ်အတွင်း
သေမယ့် ပုဏ္ဏားတစ်ဦးဟာ ကောင်းမှုကုသိုလ်ကံ
လက်ငင်းအကျိုးပေးနိုင်တဲ့ ရေတွင်းရေကန်လှူ၊
သစ်ပင်ပန်းမန်စိုက်၊ ကျောင်းကန်ဟောင်း
လမ်း၊ တံတား ပြုပြင်ခြင်း စတဲ့
ကောင်းမှုကုသိုလ်တွေကို လုပ်တဲ့အတွက်
သုံးနှစ်အတွင်း မသေပဲ အသက်ဆက်လက်
ရှင်သန်ခဲ့ရတယ်။

ဝသဘမင်းဟာ တစ်ဆယ့်နှစ်နှစ်သာ
နန်းစံရပေမဲ့ ထိုကုသိုလ်ကံတွေ ပြုလုပ်တဲ့အတွက်
လေးဆယ်နှစ်နှစ်တောင် နန်းစံသွားရပါတယ်။

ဒါဟာ ကောင်းမှုကုသိုလ် ထပ်ဖြည့်လို့
ကံဆက်တဲ့ သာဓက နှစ်ခုပါပဲ။ 🙏🙏🙏

ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ