အစိမ်းရောင် မပြယ်လွင့်ကုန်သော

အပိုင်း ၄

ညရောက်တော့ ဦးဇင်းဆွေလင်းအောင်တစ်ပါး ကျောင်းဝင်းအတွင်းရှိစေတီတွင် ပဋ္ဌာန်းရွတ်၊ မေတ္တာပို့ပြီး ကျောင်းထဲပြန်ကာ အိပ်ရာပေါ်လှဲပြီး တရားမှတ်နေရင်း မှေးခနဲအိပ်ပျော်သွားသည်။

‘‘ဦးဇင်း… ဦးဇင်း… ထပါအုံး၊ ဟိုဘက်ကျောင်းမှာ တိုက်ပွဲတွေဖြစ်နေလို့’’

လှုပ်နှိးလာသူက တပ်ကြပ်ကြီးစိုးမင်းခေါ် ဦးဇင်းစိုးမင်း။

‘‘ဗျာ… ဘယ်လိုဖြစ်တာတုန်း’’

ဦးဇင်းဆွေလင်းအောင် ငုတ်တုပ်ထထိုင်ရင်း ယောင်ယမ်းကာ ဟိုစမ်းဒီစမ်းလုပ်နေသည်။

‘‘ဦးဇင်း ဘာလိုက်ရှာနေတာလဲ’’

‘‘သေနတ်ဗျ… သေနတ်ရှာနေတာ’’

‘‘ဟာ… ဦးဇင်းကလဲ ဘယ်လိုလုပ်သေနတ်ကရှိမလဲ၊ တပ်မှာမှ မဟုတ်တာကို၊ တိုက်ပွဲကလဲ တကယ့်တိုက်ပွဲမဟုတ်ပါဘူး၊ လေတိုက်ပွဲပါ ဟီးဟီး…’’

အိပ်ပျော်ခါစတွင် ပေါက်ကရလာနောက်ရပါ့မလားဆိုကာ ဦးဇင်းဆွေလင်းအောင် တင်းတော်မူလေ၏။ တိုင်ကပ်နာရီလှမ်းကြည့်လိုက်တော့ည ၁၁ နာရီပင်ခွဲချေပြီ။

“စိတ်မဆိုးပါနဲ့ ဦးဇင်းကလဲ၊ ဟို… ဟိုဘက်ကျောင်းထဲမှာလေ ဦးဇင်းမင်းအောင်နဲ့ ဦးဇင်းစောမောင်တို လဂျားယန်ကနေ စတိုက်လိုက်တာ ခရာဘွမ်ကော၊ ဂီဒုန်တွေကော အကုန်လျှောက်တိုက်နေတာနဲ့ ဘယ်ကိုယ်တော်မှ အိပ်မရဘူး၊ တပည့်တော်က အိပ်ခိုင်းတော့ တပည့်တော်ကို ဘာပြန်ပြောတယ်မှတ်လဲ’’

‘‘ဘာပြောလဲ’’

‘‘ဦးဇင်းကမှ အဲ့တိုက်ပွဲတွေမှာ မပါတာ၊ တစ်သက်လုံး ကြက်ခြံတာဝန်ခံလုပ်နေပြီးတော့ ဘာညာနဲ့ ပြန်ပြောတော့ တပည့်တော်လဲ ပြောမရတာနဲ့ ဦးဇင်းဗိုလ်ကြီးဆီလာတိုင်တာပါ’’

ဦးဇင်းဆွေလင်းအောင်တွေးသည်။ ဒီတိုက်ပွဲစဉ်တွေ တောက်လျှောက် သူပါခဲ့သည်။ သိုသော် ယခုလေတိုက်ပွဲဆင်နွှဲနေသော ကိုယ်တော်နှစ်ပါးမပါခဲ့။ တိုက်ခိုက်ရေးဖွဲစည်းပုံတွင်ပင် သူတိုနာမည်ကို ထည့်မဆွဲဖူးခဲ့။

‘တွေ့ကြသေးတာပေါ့’ ဟုကြိမ်းဝါးကာ ဦးဇင်းစိုးမင်းကိုခေါ်၍ တစ်ဖက်ကျောင်းထဲ ဝင်လိုက်တော့ ဦးဇင်းမင်းအောင်နှင့် ဦးဇင်းစောမောင်တို၏ လေတိုက်ပွဲကား ပြင်းထန်သောအဆင့်သို ရောက်ရှိနေချေပြီ။

‘‘ဟိုကိုယ်တော်တွေ… မအိပ်သေးဘူးလား’’

ဦးဇင်းဆွေလင်းအောင်၏ ခပ်မာမာလေသံကြောင့် နှစ်ပါးသားငြိမ်ကျသွားသည်။

‘‘ဆယ့်နှစ်နာရီထိုးတော့မယ်၊ မအိပ်သေးဘဲ ဘာတိုက်ပွဲတွေတိုက်နေတာလဲ’’

‘‘ဟို… အဲ… ဘာမှမတိုက်ပါဘူး ဗိုလ်… ဦးဇင်း’’

“ဘာမှ ဟို… အဲမနေနဲ့၊ ဦးဇင်းစိုးမင်းပြောပြလို့ အကုန်သိပြီးပြီ၊ ပြောစမ်းပါအုံး၊ ကိုယ်တော်တို့ အဲဒီတိုက်ပွဲတွေမှာ ဘယ်နေရာ ဘယ်အခန်းကဏ္ဍက ပါဝင်တိုက်ပွဲဝင်တော်မူခဲ့သလဲဆိုတာ”

ဦးဇင်းဆွေလင်းအောင်ကမေးလိုက်ရာ နှစ်ပါးသား တစ်ပါးမျက်နှာတစ်ပါးကြည့်ပြီး ခေတ္တနှုတ်ဆိတ်နေကြသည်။

“ပြောလေ ဘယ်တပ်စုကနေ ပါဝင်ဆင်နွှတော်မူခဲ့သတုံး”

‘‘တပည့်တော်က တပ်မမှာ အုတ်ဖုတ်နေတာပါဘုရား’’

ဦးဇင်းစောမောင်ကထဖြေတော့ ဘေးက ဦးဇင်းမင်းအောင်ကလည်း ပြုံးစိစိဖြင့် ဝင်ဖြေပြန်သည်။

‘‘တပည့်တော်ကတော့ ရှေ့တန်းမှာပါ၊ ဒါပေမဲ့ တပည့်တော်က ရှေ့တန်းတပ်မတွဲဖက်မှာပါ ဘုရာ့…” တဲ့။

‘‘ဟိုက်… သေရောကွာ… ငါ့ကျတော့ ကြက်ခြံမှာ ဘာညာနဲ့ အလုံးကြီးတွေနဲ့ပစ်ပြီး သူတိုကျတော့ ကျည်လွတ်မြေမှာကိုး၊ လူထွက်မှတွေ့ကြသေးတာပေါ့ကွာ ဟင်း ဟင်း’’

ဦးဇင်းစိုးမင်းခမျာ သူ့နဖူးသူပြန်ရိုက်ကာ မကျေမချမ်းရေရွတ်ရင်း ကျိန်းစက်တော်မူသွားရလေတော့သည်။

နေဇင် (ပေါက်ခေါင်း)

wutthto