ထေရဝါဒ ဗုဒ္ဓဘာသာအကြောင်းသိကောင်းစရာ

🌺🌺🌺🌺🌺🌺🌺🌺

ထေရဝါဒ ဆိုသည့် စကားလုံးဖြစ်ပေါ်လာသည့် သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုလျှင် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်းတစ်ရာကျော်တွင် ပြုလုပ်သော ဒုတိယ သံဂါယနာတင်ပွဲမှ စတင်သုံးစွဲခဲ့သည်ဟု သ မိုင်းမှတ်တမ်းများအရ သိရသည်။

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း တစ်ရာကျော်တွင် ဗုဒ္ဓဟောကြားခဲ့သည့် ဓမ္မ နှင့် ဝိနယ ပေါ်တွင် မိမိတို့ စိတ်ကြိုက် ဖြည့်စွက် ကျင့်သုံးလိုသော ရဟန်းများ ပေါ်ပေါက်လာခဲ့သည်။ ထိုကဲ့သို့ ပေါ်ပေါက်လာမှု့ကို အကြောင်းပြု၍ ဗုဒ္ဓ၏ အဆုံးအမကို တသွေမတိမ်း လိုက်နာကျင့်ကြံလိုသည့် မထေရ်ကြီးများ၏အလိုနှင့်အညီ အတည်ပြုလိုက်သည့် အယူအဆကို “ထေရဝါဒ” ဟု စတင်ခေါ်ဝေါ်ခဲ့ကြသည်။

“ ထေရ” ဆိုသည်မှာ ရဟန်းသက် (၁၀) ဝါ ရရှိပြီးသော မထေရ်ကို ဆိုလိုပြီး၊“ ဝါဒ” ဆို သည်မှာ ခံယူချက်ကို ဆိုလိုသည်။ ထို့ ကြောင့် “ထေရဝါဒ” ကို စီလျော်အောင် ဘာသာပြန်ရလျှင် ရဟန်းသက် (၁၀) ဝါ နှင့် အထက်ရှိသော မထေရ်ကြီးများ၏ ခံယူချက်ဟု အဓိပ္ပါယ်ရပါသည်။

မဟာသက္ကရာဇ်(၆၈)ခု ကဆုန်လပြည့် သောကြာနေ့ ဘီစီ(၅၈၈)က ဒီကမ်ဘာကြီးမှာ ဗုဒ္ဓရတနာ ပွင့်ထွန်း ပေါ်ပေါက်ခဲ့ပါသည် ။ မဟာသက္ကရာဇ် (၁၀၃)ခု ဝါဆိုလပြည့်စနေနေ့ ဘီစီ(၅၈၈)မှာ ဓမ္မရတနာ စတင်ခဲ့သလို မဟာသက္ကရာဇ် (၁၀၃)ခု ဝါဆိုလပြည့်ကျော် ၂ ရက် တနင်္လာနေ့ ဘိစီ(၅၈၈)ခုမှာ သံဃာရတနာ စတင်ပေါ်ပေါက်ခဲ့ပါတယ်။

မြတ်ဗုဒ္ဓသည် ဘုရားအဖြစ်နှင့် (၄၅)နှစ်နေပြီး မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူသည်။ ဗုဒ္ဓအဖြစ် ၄၅ နှစ်အတွင်း တာ၀န်ကြီး ၂ ရပ်ကို တစ်နေ့လျှင် ၂၂ နာရီ မိနစ် ၂၀ ခန့်မျှ နေမအား ညမနား လူသား, သတ္တ ဝါတို့၏ ကောင်းကျိုးကို မျှော်ကိုး၍ ထမ်းဆောင်တော််မူခဲ့သည်။

(၁) ဓမ္မကို ဟောပြောခြင်း, ဖြေဆိုခြင်း

(၂) သံဃာ့အဖွဲ့အစည်းကို ထူထောင်ခြင်းတို့
ဖြစ်ပါသည်။

ဟောပြသည့်ဓမ္မအတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးသူများကို ဗုဒ္ဓဘာသာ၀င်လို့ခေါ်ဆိုပါသည်၊ ဗုဒ္ဓဘာသာ၀င်တစ်ဦး ဖြစ်ရန်အတွက် ကျယ်ပြန့်သော ဥပဒေများ မရှိပါ။ ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း, တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း, သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း ဟူသော သရဏဂုံသုံးပါးကို လက်ခံလိုက်လျှင်် ဗုဒ္ဓဘာသာ၀င် အဖြစ်ရောက်ရှိပါသည် ။

ထေရဝါဒ နှင့် မဟာယန ဟူ၍ ယနေ့ ကမ္ဘာတွင် ဗုဒ္ဓဘာသာဆိုင်ရာ အဓိက ဂိုဏ်း နှစ် ဂိုဏ်း ရှိပါသည်။ ရှေးလွန်လေပြီးသော အချိန်ကမူ အခြားသော ဂိုဏ်းများလဲ အများအပြား ရှိခဲ့ကြပါသည်။ သို့သော် ထိုဂိုဏ်းနှစ်ဂိုဏ်းသည်သာလျှင် အိန္ဒိယနိုင်ငံ ပြင်ပရှိ အဆက်အနွယ်များထိအောင် လက်ဆင့်ကမ်း ပျံ့နှံ့ခြင်းဖြင့် ယနေ့ခေတ် ကာလထိအောင် ရှင်သန်လာ၏။ မဟာယနသည် အဓိကအားဖြင့် အိန္ဒိယမြောက်ပိုင်း၊ တရုတ်၊ တိဘက်၊ ဂျပန်၊ မွန်ဂိုလိယ၊ ကိုရီးယား နှင့် ဗီယက်နမ်နိုင်ငံများတွင် ပျံ့နှံ့ခြင်းဖြင့် ရှင်သန်ခဲ့သည်။ ထေရဝါဒသည် ပင်မအားဖြင့် အိနိန္ဒယ တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ သီရီလင်္ကာ၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုတို့တွင် ရှင်သန်ခဲ့၏။ ထိုအကြောင်းကြောင့်ပင် မဟာယနကို ရံဖန်ရံခါ မြောက်ပိုင်းဂိုဏ်းဟု ညွှန်းဆိုကြပြီးထေရဝါဒကိုတောင်ပိုင်းဂိုဏ်း ဟု ညွှန်းဆိုတတ်ကြပါသည်။

ထိုဂိုဏ်းနှစ်ခုတွင် သိသာထင်ရှားသော ကွဲလွဲချက်များ ရှိသော်လည်း … သစ္စာလေး ပါး၊ မဂ္ဂင်ရှစ်ပါး၊ ကမ္မဝါဒ၊ ပဋိစ္စသမုပါဒ် အစရှိသော အခြေခံ တရားများမှာမူ ဂိုဏ်းနှစ်ခုစလုံးတွင် ထပ်တူ တူညီကြသည့် အချက်ကိုမူ အလေးထားမှတ်ယူ သင့်သည်မှာအရေးပါပေသည်။ ဂိုဏ်းနှစ်ခု၏ အဓိက မတူညီမှုမှာ မတူညီသော ဦးစားပေးမှုများနှင့် သမိုင်းဆိုင်ရာ ဖြစ်ထွန်းမှုများ ဖြစ်ပေသည်။

ဗုဒ္ဓမြတ်စွာ၏ အဆုံးအမကို လိုက်နာခြင်းဖြင့် လွတ်မြောက် ငြိမ်းအေးခြငး နိဗ္ဗာနတရားမြတ်ကို မျက်မှောက်ပြုရေး .. နောက် ဆုံး အန္တိမပန်းတိုင်ကား အတူတူပင်ဖြစ် သည်။

ထေရဝါဒ ဟုသော အသုံးအနှုံးသည် သက်ကြီးဝါကြီးပုဂ္ဂိုလ်များ (ထေရ) လျှောက်သောလမ်း ဟု သဒ္ဒါအလိုအရ အဓိပ္ပာယ် ရပေသည်။ ထေရဝါဒ ဂိုဏ်းသည် ဗုဒ္ဓ၏အဆုံးအမများကို မူလအတိုင်း မှတ်တမ်းတင် ထိန်းသိမ်းထားသော ပါဠိတိပိဋက (ပိဋကတ်သုံးပုံ)အတိုင်း အစဉ်တစိုက် လက်ခံပါသည်။ထေရဝါဒဂိုဏ်း၏ အလေးထားမှုမှာ ဗုဒ္ဓ၏ အဆုံးအမများကို စစ်မှန်သော မူလ အခြေအနေအတိုင်း ထိန်းသိမ်းခြင်း နှင့် အနာဂါတ် မျိုးဆက်အဆက်လက်ဆင့်ကမ်းခြင်း ဖြစ်ပါသည်။ ဗုဒ္ဓ၏ အဆုံးအမများ ဆိုရာတွင် လူပုဂ္ဂိုလ်များအားလွတ်က်ရာကို မည်သို့ ရှာဖွေရမည်ကို ညွှန်ပြနိုင်စွမ်း အပြည့်အ၀ ရှိသော လွတ်မြောက်ရေး အဆုံးအမ လမ်းညွှန်မှုများ ဟု ယူဆရပေမည်။

ထိုအကြောင်းကြောင့်ပင် အဆုံးအမများ၏ စွမ်းရည်ပြည့်၀ ထိရောက်မှုကို ခေတ်အဆက်ဆက် အမြင့်ဆုံး ရှိမြဲရှိနေစေရန် အလို့ငှာ ဗုဒ္ဓ၏ အဆုံးအမများကို မူလအတိုင်း ကြိုးကြိုးပမ်းပမ်း ထိန်းသိမ်းထားကြခြင်း ဖြစ်သည်။ အဆုံးအမများကို မူလပုံစံမှ ပြင် ဆင်လိုက်လျှင် သို့မဟုတ် တစ်နည်းနည်း ပြောင်းလဲလိုက်လျှင် ထိရောက်မှုသည် အ ချိန်နှင့်အမျှလျော့ပါးသွားဖွယ်ရှိပေသည်။

ထေရဝါဒ ထုံးထမ်းအရ ပါဠိတိပိဋက၌ မပါရှိပဲ သတ်သတ် ထိန်းသိမ်းထားသော သို့ မဟုတ် ဟောကြားခဲ့သော ဗုဒ္ဓ၏ အဆုံး အ မများ ရှိသည် (ဆိုလိုသည်မှာ တိပိဋိကတွင် မှတ်တမ်း တင်ခဲ့ခြင်း မရှိပဲ တစ်စုံတရာသော ပုဂ္ဂိုလ်ကို ဟောကြားခဲ့သော နက်နဲသည့် တရားတော် ) ဟူသော ခံယူချက်ကိုလည်း ပစ်ပယ်ပါသည်။ ထို့ကြောင့် ပင်လျှင် ဗုဒ္ဓပရိနိဗ္ဗာန် ပြုတော်မူပြီးနောက် နှစ်ပေါင်း ၅၀၀ ခန့် ကြာမှ စတင် ပေါ်ထွန်းလာသော် မဟာယန သုတ္တန်များကို ထေရဝါဒက စစ်မှန်သည်ဟု လက်မခံကြပါ။

ဗုဒ္ဓအဆုံးအမများကို အဓိက ထိန်းသိမ်းနေသူများမှာ သံဃာ ဟု ခြုံငုံခေါ်ဝေါ်သော ရ ဟန်းတော်များပင် ဖြစ်ပါသည်။ ထေရဝါဒ သံဃာတို့သည် ဗုဒ္ဓက သတ်မှတ်တော်မူခဲ့သော၊ ၀ိနယပိဋကတွင် မှတ်တမ်းတင်ထားသည့် ရဟန်းဆိုင်ရာ ကျင့်၀တ်တို့ကို အစဉ် တစိုက် လိုက်နာ ကျင့်သုံးကြသည်။ ထို ရ ဟန်းဆိုင်ရာ ကျင့်၀တ်များသည် ဗုဒ္ဓ၏ အ ဆုံးအမများကို ကောင်းစွာတည်တံ့စေရေးအတွက် မရှိမဖြစ် ဖြစ်သည်ဟု ထေရဝါဒ သံဃာများက လက်ခံကြသည်။
ဗုဒ္ဓဘာသာ၀င်တစ်ဦး အတွက် လိုက်နာကျင့်သုံးရမည့် စည်းကမ်း(၅)မျိုး ရှိသည်။

~ သက်ရှိလူသား တိရစ္ဆာန်တို့ရဲ့ အသက်ကို
သတ်ခြင်းမှ ရှောင်ကြဉ်ရခြင်း။

~ သူတစ်ပါး ပစ္စည်းကို ခိုးယူလုယက်ခြင်းမှ
ရှောင်ကြဉ်ရခြင်း။

~ ကာမဂုဏ် ဖေါက်ပြန်မှု, အိမ်ထောင်ရေး
ဖောက်ပြန်မှုမှ ရှောင်ကြဉ်ရခြင်း။

~ မဟုတ်မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ရ
ခြင်း။

~ မူးယစ်ဆေးဝါး သုံးစွဲခြင်း, ရောင်း၀ယ်
ခြင်းမှ ရှောင်ကြဉ်ရခြင်း။

စည်းကမ်း(၅)မျိုးကို ကြည့်လျှင် မြတ်ဗုဒ္ဓသည် လူသားတို့၏ အသက်, အိုးအိမ်, စည်း စိမ်, ချမ်းသာ, လုံခြုံရန်၊ အိမ်ထောင်ရေး သာယာရန်၊ ဒီကမ္ဘာကြီးမှာ သစ္စာတရားထွန်း ကားရန်၊ လူသားတို့၏ ဉာဏ်ရည် အ ဆင့်အတန်း မှီရန် အရေးကို မျှော်တွေးကာ အ ထက်ပါစည်းကမ်း ၅ ချက်ကို ချမှတ်ခဲ့သည် ။ လူသားများသည် အပျော်ကြူးခြင်း, အလိုရမက်ကြီးခြင်း, ကြောက်စိတ်များခြင်း တို့ကြောင့် မိမိတို့ဘ၀ အတွက် အားကိုးရာတွေကိုစိတ်ကူးပုံးဖေါ်ပြီး ယုံကြည်ကိုးကွယ် တတ်ကြပါသည်။ စိတ္တဇ အတွေးတွေကို ပုံဖေါ်ပြီး ယုံကြည်ကိုးကွယ်လက်ခံနေသည်ကို မြတ်ဗုဒ္ဓက နှစ်သက်တော််မမူပေ၊ ထို့ ကြောင့် ဗုဒ္ဓဘာသာ၀င်မှန်လျှင် အထင်စွဲအာရုံ ကိုးကွယ်မှုမျိုးစုံကို စွန့်လွှတ်ရမည်၊ အတွေးစွဲအလီလီ ယုံကြည်မှုအရပ်ရပ်ကိုလည်း ပယ်စွန့်ကြရမည်။

ထေရဝါဒ ဗုဒ္ဓဘာသာမူ (၅)ရပ်

(၁)ယုံကြည်မူသဒ္ဓါတရားရှိရမည် – ဆိုသည်မှာ ဘုရား တရား သံဃာ ရတနာ သုံးပါး တို့၌ ဘုရားစစ် ဘုရားမှန် တရားစစ် တရားမှန် သံဃာစစ် သံဃာမှန် ဖြစ်ကြောင်း ယုံကြည်လက်ခံတဲ့ စိတ်ရှိရမယ်လို့ ဆိုလိုပါသည်။

(၂) စောင့်ထိန်းမူ သီလ ရှိရမည်~~ ဆိုသည်မှာ ဝါရိတ္တ သီလ လို့ခေါ်တဲ့ ငါးပါး, ရှစ်ပါး သီလ နဲ့ စာရိတ္တ သီလလို့ ခေါ်တဲ့ လင်ကျင့်၀တ်, မယားကျင့်၀တ်, ဆရာ့ကျင့်၀တ်, တပည့်ကျင့်၀တ်, မိဘ ကျင့်၀တ်, သားသ္မီး ကျင့်၀တ်, အထက်လူကြီးကျင့်၀တ်,အောက် လက်ငယ်သား ကျင့်၀တ်- စသည့် ကျင့်၀တ်သီလ များနှင့် ပြည်စုံရမည်။

(၃) ကောတုဟလမင်္ဂလာကို မယုံကြည်ရ- ဆိုသည်မှာ အချို့သောလူများသည် “အိမ်မြောင်စုတ်ထိုးရင်… လာဘ်ကောင်းတယ်” “ ကျီးကန်းလာနားရင်…. နိမိတ်မကောင်းဘူး” ဆိုတဲ့ ကောတုဟလမင်္ဂလာကို ယုံကြည်လက်ခံကြသည်။ မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာ၀င်မှန်ရင် ရက်ရာဇာ, ပြဿဒါး, ကျီးကန်းလာခြင်း, အိမ်မြောင်စုတ်ထိုးခြင်း, နေကြတ်, လကြတ် – စသည် ကောင်းကျိုး ဆိုးကျိုး ရှိသည်များကို လက်မခံရန်။

(၄)ကံတရားကို ယုံကြည်သူဖြစ်ရမည် ဆိုသည်မှာ အကြင်မျိုးစေ့ကို စိုက်ပျိုး၏ ထိုအပင်ကို သာလျှင် ရိတ််သိမ်းရ၏- ဆိုတဲ့ ဗုဒ္ဓဒေသနာတော် အတိုင်း ကောင်းကံလုပ်ရင် ကောင်းကျိုးခံစားရ မကောင်းကံလုပ်ရင် မကောင်းကျိုးခံစားရမယ်ဆိုတဲ့ သ ဘောတရားကို ယုံကြည်လက်ခံကြရမယ်လို့ဆိုလိုပါသည်။

(၅)သာသနာတော် အပြင်ပ၌ ကိုးကွယ်မှု ကို မရှာမှီးရ ဆိုသည်မှာ လူများဟာ အပျော်ကြူးခြင်း အလိုကြီးခြင်း ကြောက်စိတ်များခြင်း စိုးရိမ်စိတ်များခြင်းတွေကြောင့် သာသနာတော်၏ ပြင်ပဖြစ်သောနတ်ကိုးကွယ်ခြင်း၊ဘိုးတော်/မယ်တော် ကိုးကွယ်ခြင်း၊ အင်း/အိုင် လက် ဖွဲ့ ဗေဒင် မန္တာန် ကို အားထား ယုံကြည်ခြင်း စသော သာသနာတော်ပြင်ပ ကိုးကွယ်ရာများကို မရှာမှီးရပါ။
ထေရဝါဒ ဗုဒ္ဓဘာသာ ၀င် စစ်စစ်ဖြစ်ဖို့ အ တွက် ထေရဝါဒ ဗုဒ္ဓဘာသာ မူ ၅ ချက်ကို ဦး ထိပ် ပန်ဆင်၍ ဗုဒ္ဓဝါဒ သဘောတရားဖြစ်သော (ဆင်းရဲခြင်းမှ ချမ်းသာခြင်းသို့၊)(မကောင်းမှုမှ ကောင်းမှုသို့၊)(အမှောင်မှ အ လင်းသို့၊)(မသိမှုမှ သိမှုသို့၊) (ဒုက္ခအတွင်းမှ ဒုက္ခလွတ်မြောက်ရာသို့) ရောက်အောင် အ သိ အကျင့် ဘက်စုံမြှင့်၍ ထေရဝါဒဗုဒ္ဓ ဘာ သာ၀င် ဖြစ််အောင် ကြိုးစားကြပါစို့။