အသင်းဂိုးသမား ရာယာနှင့်ပတ်သက်ပြီး မေးမြန်းမှုများကို ဖြေဆိုရန် ငြင်းဆန်ခဲ့

အာဆင်နယ်နည်းပြ အာတီတာသည် လူတန်အား အနိုင်ရသည့်ပွဲအပြီးတွင် အမှားများခဲ့သည့် အသင်းဂိုးသမား ရာယာနှင့်ပတ်သက်ပြီး မေးမြန်းမှုများကို ဖြေဆိုရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် လူတန် (၃-၄) အာဆင်နယ်ပွဲတွင် အာဆင်နယ်အသင်းသည် ဂိုးသမား ရာယာ၏ အားနည်းမှုကြောင့် အိမ်ရှင် လူတန်အသင်းကို (၂) ဂိုးအထိ ခွင့်ပြုခဲ့ရသည်။

အာတီတာသည် ယခုရာသီတွင် အသင်းပထမဂိုးသမား ရမ်းစ်ဒေးလ်ကို ကျော်ကာရာယာအား ပထမဂိုးသမားအဖြစ် အသုံးပြုနေခြင်းဖြစ်ပြီး ယင်းဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ဝေဖန်မှုအချို့နှင့်လည်း ရင်ဆိုင် နေရသည်။ လူတန်နှင့်ပွဲအပြီးတွင် Amazon Prime သတင်းထောက်က အာတီတာကို “ဒီပွဲမှာ ဂိုးသမားနဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေ အများကြီး ရှိနေတယ်။ လူတန်အသင်းကို လက်ဆောင်ဂိုး (၂)ဂိုးပေးခဲ့တယ်ဆိုတာ အမှန်ပဲလား”ဟု မေးမြန်းခဲ့သည်။

ယင်းမေးခွန်းကို အာတီတာအနေဖြင့် ပြန်လည်ဖြေဆိုခြင်းမရှိဘဲ “အသင်းနဲ့အတူ ကျွန်တော် အရမ်းပျော်နေပါတယ်” ဟုသာ ဖြေခဲ့သည်။ ထို့ပြင် Amazon Prime သတင်းထောက်က “ရာယာနဲ့ စကားပြောပြီးသွားပြီလား” ဟု မေးမြန်းခဲ့ရာတွင်လည်း အာတီတာက “(အသင်းကစားသမား) အာလုံးနဲ့ ကျွန်တော် စကားပြောပြီးပါပြီ။ သူတို့အားလုံး ခုန်ပေါက်နေကြတယ်။ သူတို့ ပျော်နေကြတယ်။ ဒီတော့ ကျွန်တော်က ဒီနေ့အပျော်ဆုံးနည်းပြပါ”ဟု ပြောကြားခဲ့သည်။