သားသားမီးမီးတို့အကြိုက် နို့မှုန့်မိုချီလေးလုပ်စားကြမယ်…

ကလေးတို့အတွက် အာဟာရလည်းရှိ၊ လုပ်ရတာလည်းလွယ်ကူမြန်ဆန်တဲ့
နို့နံ့‌မွှေးမွှေး‌လေးနဲ့ အရသာခပ်ဆိမ့်ဆိမ့် နို့မှုန့်မိုချီ (Milk Mochi) မုန့်လုပ်နည်းလေးပါ။
(၁)နှစ်အထက်ကလေးမှစပြီး ကလေးကြီးတွေထိ အကြိုက်တွေ့စေမယ့် Milk Mochi လုပ်နည်းလေးကို
ကူးယူဖော်ပြပေးလိုက်ပါတယ်ရှင်။
.

ဒီမုန့်လုပ်နည်းမှာ အဓိကထည့်သုံးရတာကတော့ နို့မှုန့်ပါ။ မိုချီလေးကို ကိုက်စားလိုက်တိုင်းမှာ
ပိုအရသာရှိအောင် နို့မှုန့်လေးတွေပါ အပေါ်က ဖြူးထားလို့ရပါတယ်။
ပါဝင်ပစ္စည်းတွေကတော့
(၁) နို့မှုန့် ၇ ဇွန်း၊
(၂) ဆန်မှုန့် ၇၀ ဂရမ်၊
(၃) ပြောင်းကော်မှုန့် ၂၀ ဂရမ်၊
(၄) သကြား ၂ ဇွန်း၊
(၅) ရေ ၂၂၀ မီလီလီတာ၊
(၆) ထောပတ် ၅ ဂရမ်၊
(၇) ဆားအနည်းငယ်တို့ပဲဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ နို့မှုန့်ကို ရေနဲ့ဖျော်ပါမယ်။
ပြီးရင် အိုးထဲကို ထောပတ်ထည့်ပြီး ပြောင်းကော်မှုန့်ထည့်ပါမယ်။
ဆန်မှုန့်၊ ဆားအနည်းငယ်နဲ့ သကြားတို့ကိုထည့်ပါမယ်။
ဖျော်ပြီးသားနို့ကို တဖြည်းဖြည်းချင်း ထည့်ပြီးမွှေပါမယ်။
မုန့်ပျစ်လာတဲ့အထိ လက်ကိုအားထည့်ပြီး သေချာမွှေပေးပါမယ်။
ရေမကျန်တဲ့အထိ မွှေပေးပြီး အတုံးပုံစံအထိဖြစ်သွားရင် အိုးချလို့ရပါပြီ။
ဒါဆိုရင်တော့ အရသာရှိတဲ့ မိုချီလေးတွေကို အအေးခံပြီး သားသားမီးမီးတို့ရော ဖေဖေမေမေတို့ပါ အသင့်သုံးဆောင်နိုင်ပါပြီရှင်. .