ဖားကန့်နယ်မြေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများအား ထိတွေ့တိုက်ခိုက်မှု ဆိုင်ရာစည်းမျဉ်း (Rules of Engagement-ROE)အတိုင်း ဆောင်ရွက်လျက်ရှိ

 သတင်းတု သတင်းမှားနှင့် သတင်းလိမ်များ ဖော်ပြ၍ ကောလာဟလ ဖြန့်ဝေနေကြသော Online Media များက ဖားကန့်တေးဂီတ ဖျော်ဖြေပွဲအား တပ်မတော်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အပြစ်မဲ့ ပြည်သူများနှင့် ကချင်ဝါရင့်အဆိုရှင် အချို့ သေဆုံးခဲ့ကြောင်း လူမှုကွန်ယက်တွင် ကောလာဟလသတင်းများ ဖြန့်ဝေ လျက်ရှိကြောင်းတွေ့ရှိရပါတယ်။

သတင်းလိမ် မီဒီယာများက ဖော်ပြခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားသည့်နေရာ အတိအကျမှာ ဖားကန့်နယ်မြေအတွင်းရှိ နိုင်ငံပိုင် သဘာဝသယံဇာတဖြစ်သည့် ကမ္ဘာကျော် ကျောက်စိမ်းများကို တရားဝင်နှင့် တရားမဝင် တူးဖော်နေသည့် ကုမ္ပဏီများနှင့် ရေမဆေးကျောက်သမားများအပေါ် အဓမ္မဂုတ်သွေးစုပ်ခြိမ်းခြောက်၊ ငွေညှစ်၊ ဆက်ကြေးတောင်းခံရန် KIA နှင့် KIO ဗဟိုမှ ဖွဲ့စည်းထားသည့် KIA တပ်မဟာ(၉)လက်နက်ကိုင်အဖွဲ့၏ အခြေပြုနေရာဖြစ်ပြီး ၎င်းနေရာအား Google Map တွင် အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ပြည်သူများ နေထိုင်ခြင်း သို့မဟုတ် လက်နက်ကိုင်အဖွဲ့အစည်း နေထိုင်ခြင်းတို့ကို ခွဲခြား ကြည့်ရှုနိုင်ကြောင်း သိနိုင်ပါတယ်။

ဖော်ပြပါ ကောလာဟလသတင်းတွင် ပါဝင်သော ပြည်သူနှင့် အနုပညာရှင်များ သေဆုံးသည်ဟူသော နေရာသည် KIA တပ်မဟာ(၉)၏ ဌာနချုပ်နယ်မြေဖြစ်ပြီး အဆိုပါနေရာသို့ တရားမဝင်စီးပွားရေး ဆက်သွယ်လုပ်ကိုင်ရန်အတွက် ကျောက်သူဌေး အချို့နှင့် KIA လက်နက်ကိုင်တပ်ဖွဲ့များသာ ဝင်ရောက်နိုင်သည့် နေရာဖြစ်ကာ အများပြည်သူသွားလာရန် လုံခြုံရေးအရ ကန့်သတ်ချက်ရှိသော နေရာဖြစ်၍ အကြမ်း ဖက်သောင်းကျန်းသူများ၏ စစ်ရေးလှုပ်ရှားရာ နယ်မြေတစ်ခုသာဖြစ်ပါတယ်။

အထက်ပါ KIA တပ်မဟာ(၉)နှင့် နောက်လိုက် KIA အဖွဲ့များအနေဖြင့် ဖားကန့်နယ်မြေနှင့် ခန္တီး၊ ဟုမ္မလင်းနယ်မြေစပ်ကြား ဆည်ဇင်းကျေးရွာနှင့် ပတ်ဝန်းကျင် နေရာများသို့ PDF အမည်ခံအကြမ်းဖက် ပူးပေါင်းအဖွဲ့နှင့်အတူ သာလွန်အင်အားဖြင့် (၉)ကြိမ် အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခြင်း၊ ဟုမ္မလင်း၊ ရေပေါ်မီးနှင့် ဆက်စပ်နယ်မြေအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့၏ အလစ်အငိုက်တွင်ဝင်ရောက်၍ ဆက်ကြေးကောက်ခံခြင်း၊ ပြန်ပေးဆွဲခြင်း၊ ခန္တီးမြို့အနီး နိုင်ငံတော်သို့ တရားဝင် အခွန်တော်ငွေ ပေးဆောင်၍ ကျောက်စိမ်းတူးဖော်နေသည့် နန်စီပွန်လုပ်ကွက်ရှိ လုံခြုံရေးရဲစခန်းကိုလည်း ၂၀၂၁ မေလအတွင်း သာလွန်အင်အားဖြင့် ဝင်ရောက် စီးနင်းတိုက်ခိုက်ခြင်း၊ လုပ်ငန်းခွင်ပိုင် ယန္တရားများကိုလည်း ကစဉ့်ကလျား ပြန်လည် ဆုတ်ခွာချိန်၌ မီးရှို့ဖျက်ဆီးခဲ့ခြင်း၊ ကံဆီး၊ လုံးခင်၊ ဖားကန့် ရဲစခန်းများအား အကြိမ်ကြိမ် နှောင့်ယှက်တိုက်ခိုက်ခဲ့ခြင်းများအပြင် ကံဆီး၊ လုံးခင်း၊ နန့်ယား၊ မိုးကောင်း ကားလမ်းတစ်လျှောက်နှင့် တပ်မတော်စခန်း များအား ၂၀၂၁ ခုနှစ်မှ ယနေ့ကာလအထိ အလစ်အငိုက်ရယူကာ (၁၁)ကြိမ်အထိ နှောင့်ယှက်တိုက်ခိုက် ခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။

၎င်းအပြင် အောက်တိုဘာ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်နေ့များတွင် မိုးမောက်မြို့နယ်အနီးရှိ တပ်မတော်စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြိမ်ကြိမ်ပြင်းထန်စွာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် အပြင် ဗန်းမောက်သို့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သယ်ပို့နေသည့် ခရီး သည်တင် ရေယာဉ်များနှင့် စက်လှေများအား ကသာ၊ ရွှေကူနှင့် ဗန်းမော်ကြား အကြိမ်ကြိမ် အကြောင်းမဲ့ပစ်ခတ်နေမှုတို့ကြောင့် တပ်မတော်အနေဖြင့် KIA တပ်မဟာ(၉) နယ်မြေအား လိုအပ်သောစစ်ဆင်ရေးများ တန်ပြန်ဆောင်ရွက် ခဲ့ခြင်းသာဖြစ်ပါတယ်။

Khit Thit Media အပါအဝင် သတင်းလိမ်၊ သတင်းတု၊ သတင်းမှား ဖော်ပြ နေကြသည့် သတင်းဌာနများတွင် ဖော်ပြခဲ့သည့် ပြည်သူ ၅၀ ကျော်နှင့် အနုပညာရှင်များ သေဆုံးခဲ့ရသည်ဟူသော ထုတ်ပြန်ချက်သည် ကောလာဟလသာဖြစ်ပြီး အတည်ပြု နိုင်သော မြေပြင်သတင်းများနှင့် လိုင်ဇာ၊ KIO ဗဟိုဌာနချုပ်၏ အတွင်းသတင်းများအရ တပ်မဟာမှူးအဆင့်ရှိ ရှရော်လဆိုင်း၊ ဒုတပ်မဟာမှူးအဆင့်ရှိ ဇယ်တောင်၊ တိုက်နယ်မှူးအဆင့်ရှိ ဒူကဘာ လအောင်၊ သယံဇာတတိုင်းတာရေး တာဝန်ခံဆိုသူ ဖေရန်တို့ အပါအဝင် KIA နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များသာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိခဲ့ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေတည်ငြိမ်ရေးနှင့် ငြိမ်ချမ်းရေးတို့အတွက် လိုအပ်သည့် သောင်းကျန်းသူ ချေမှုန်းရေး၊ စစ်ဆင်ရေးများကို ဂျီနီဗာကွန်ဗန်းရှင်း (၄)ရပ်ကို အခြေခံသော လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ဥပဒေ(Law of Armed Conflict)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်ပြန်ထားရှိသည့် ထိတွေ့တိုက်ခိုက်မှု ဆိုင်ရာစည်းမျဉ်း(Rules of Engagement-ROE)အတိုင်း ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါတယ်ရှင်။