တံခါးဖွင့်ရင် ဂျိတ်ချိတ်ရမည်

ဆရာခွန်သက်တင်ဆန်း

   ဆရာနှင့်​နေစဥ်ကာလမှာ စနစ်ကျန​အောင် သင်ကြား​ပေးခဲ့ပုံများက လည်း ယခုတိုင် အမှတ်ရ​နေသည်။ သင်ပြ​ပေးခဲ့ပုံကလည်း ဆန်း​ပေသကိုး။ စီစစ်ပါများ​တော့လည်း စစ်စီသလို ဖြစ်သွားရသည်။ စိတ်၏ဆန်းကြယ်မှုနှင့် အတူ အတိတ်၏အရိပ်များဆီသို့ ပြန်​ပြောင်းသတိရ​နေ​တော့သည်။

   တပ်ရင်းမှူးရုံးခန်း။

   အစည်းအ​ဝေးရှိလို့ ရုံးခန်းနားတွင် လူ​တွေစုရုံးစုရုံး ဖြစ်​နေကြသည်။ အပတ်စဥ် တနင်္လာနှင့် ​သောကြာ​နေ့များတွင် ပြုလုပ်သည့် အစည်းအဝေးသို့ အရာရှိအားလုံးနှင့် အကြပ်ကြီးအဆင့် တာဝန်ခံများအထိ တက်ရောက်ရ သည်။

   တပ်ရင်းမှူးရုံးခန်းမှာ သစ်သားများဖြင့် ကာရံထားပြီး ​ရေနံ​ချေးသုတ် ထားသည်။ ဆရာက​တော့ သူနှင့် အရာရှိ စစ်သည်များ ​တွေ့ဆုံ​နေမှုအပေါ် ​ပျော်သလို ခံစား​နေရသည်။ စကားများများ ​ပြောရ​တော့မှာကိုး။

   ဒုတပ်ရင်းမှူး အပါအဝင် အစည်းအ​ဝေး လာတက်ကြသူများမှာ​တော့ စိတ်ထဲမှာ မ​ပျော်သဖြင့် မျက်နှာမ​ကောင်းစွာ အစည်းအ​ဝေးခန်းထဲ ​နေရာယူ​နေကြသည်။ ဘာ​ကြောင့်လဲဆို​တော့ ဝင်စာ​ကြေးနန်း​တွေ အားလုံးကို ဆရာ ကိုယ်တိုင် အ​သေးစိတ် ဖတ်ပြ​တော့မှာ​ကြောင့်ဖြစ်သည်။

   ဝင်စာ​ကြေးနန်းများကို အမှုတွဲကိုင်စာ​ရေးကစပြီး ရုံးအုပ်ကြီး၊ ​ရေး ​ထောက်ဗိုလ်ကြီးများ၊ ​ထောက်လှမ်း​ရေးအရာရှိ၊ ဌာနချုပ်တပ်ခွဲမှူးနှင့် ဒုတပ်ရင်းမှူးတို့ ဖတ်ပြီးမှသာ တပ်ရင်းမှူးဆီ ​ရောက်လာရခြင်းဖြစ်သည်။ ​ပြောရရင် အားလုံးသိပြီး​သော အ​ကြောင်းအရာများဖြစ်၏။ ဒါကိုပြန်ဖတ်ပြ​နေ​တော့ စိတ်မဝင်စားကြ။

   စာများကို ဖတ်ပြရာတွင် စာပါအ​ကြောင်းအရာများကို ဖတ်ပြရင်ဖြင့် ​တော်​ပေဦးမည်။ ခု​တော့ စာရွက်ထဲပါသည့် စာသားအားလုံးကို အ​သေးစိတ် ဖတ်ပြ​နေတာက အသည်းယား စရာ ​ကောင်း​နေသည်။

   ​ကြေးနန်းစာ တစ်​စောင်တွင် ​အောက်ပါအတိုင်း ​ရေးသား​လေ့ရှိသည်။

   " မှတ်ပုံတင်​ကြေးနန်းစာပုံစံ(အစား)... ပ(​ပေးပိုသူ)။မပခ... လ( လက်ခံသူ)။ ခလရ(၄၇)... စာအမှတ် ၁ဦး၁။ လဝ၂" ဟု​ရေးသား​လေ့ရှိသော စာကို ဆရာမှ ​အောင်မြင်​သော အသံဝါကြီးနှင့် ယခုလို ဖတ်ပြ​လေတော့ သည်။

   " အထက်ဌာနကြေးနန်း...နားထောင်ကြ...မှတ်ပုံတင်ကြေးနန်းစာ ပုံစံ ကွင်းစ အစား ကွင်းပိတ်...ပေးပို့.. ပုဒ်မ.. မပခ... လက်ခံ...ပုဒ်မ...ခ လရ ကွင်းစ လေးဆယ့်ခွန် ကွင်းပိတ်... ၁ဦး၁ ပုဒ်မ လဝ၂ ပုဒ်မ"

   တိကျလွန်းပေစွ။ ပုဒ်ထီး ပုဒ်မ ကွင်းစ ကွင်းပိတ်ကအစ အသေးစိတ် ဖတ်ပြနေခြင်းကြောင့် သိပြီးသား အကြောင်းအရာများကို အချိန်ကုန်ခံ ကာ နားထောင်နေကြရသည်။ ကြေးနန်းစာ တစ်စောင်ဖတ်လျင် နာရီဝက်ခန့် ကြာသည်။ စိတ်ရှည်သည်းခံတတ်စေရန် လေ့ကျင့်ပေးနေသည် ဟုပင်ထင်ရ သည်။

   ကြေးနန်းဖတ်ပြလို့ အရှိန်ရနေစဉ် တပ်ရင်းမှူး၏ ထိုင်ခုံနောက်ကြော ဖက်က ပြတင်းပေါက် တံခါးမှာ လေတိုက်သဖြင့် နံရံနှင့် တံခါးချပ်တို့ ဝုန်းခနဲ ပြေးဆောင့်သံ ထွက်လာသည်။ တံခါးဂျိတ်များ ချိတ်မထားမိပါလား။

   " တပ်ကြပ်ကျော်သာအောင်"

   "ရှိ"

   ဖတ်လက်စ ကြေးနန်းစာကိုရပ်ပြီး ဗဟိုကင်း ကင်းမှူးကို လှမ်းခေါ် လိုက် သည်။ တပ်ရင်းမှူးရုံးခန်းနှင့် ဗဟိုကင်းက မျက်နှာချင်းဆိုင်ဖြစ်ပြီး လမ်းပဲ ခြားသည်။ ဗဟိုကင်း ကင်းမှူး တပ်ကြပ်ကျော်သာအောင် အပြေးတစ်ပိုင်းနှင့် တပ်ရင်းမှူးရုံးခန်းထဲ ရောက်လာသည်။

   " လူလေး... တပ်ရင်းမှူးရုံးခန်း တံခါးပေါက်တွေမှာ တံခါးဖွင့်ပြီးရင် ဘာလုပ်ရမလဲ"

   တပ်ရင်းမှူးရုံးခန်း သန့်ရှင်းရေးနှင့် တံခါးအဖွင့်အပိတ် တာဝန်ကို ဗဟိုကင်း ကင်းမှူးက တာဝန်ယူရသည်။

   " ဂျိတ်ချိတ်ရပါ့မယ်"

   " ပြန်​ပြော"

   " ဂျိတ်ချိတ်ရပါ့မယ်ခင်ဗျ"

   " ခု ချိတ်ထားလား"

   ပြတင်း​ပေါက်က တံခါးကို လက်ညှိုးထိုးပြလိုက်သည်။

   " ဟုတ်... ​မေ့သွားလို့ပါ"

   " ငယ်ငယ်ရွယ်ရွယ်နဲ့ ​မေ့တတ်ကြတာပဲ၊ ဒါဆို မှတ်မိ​အောင်လို့.. တံခါး ဖွင့်ရင် ဂျိတ်ချိတ်ရမည် ဆိုတာကို ဆယ်ခါဆိုပြီး ဖြုတ်လိုက် တတ်လိုက်လုပ်"

   " ဟုတ်ကဲ့... တံခါးဖွင့်ရင် ဂျိတ်ချိတ်ရမည်"

   "တစ်"

   ဆရာ​ကျော်သာ​အောင် တံခါးဂျိတ်ကို ပြန်ဖြုတ်ပြီး ပြန်ချိတ်ပြန်သည်။ ပါးစပ်ကလည်း

   " တံခါးဖွင့်ရင် ဂျိတ်ချိတ်ရမည်"

   " နှစ်"

   ရခိုင်သံဝဲဝဲနှင့် ဆရာ​ကျော်သာ​အောင်က တံခါးဖွင့်ရင် ဂျိတ်ချိတ်ရမည် ဟု တစ်ခါဆိုတိုင်း တပ်ရင်းမှူးမှ လက်​ချောင်း​လေးများချိုးပြီး " တစ်" "နှစ်" စသည်ဖြင့် အမှတ်စဥ်" တစ်ဆယ်" အထိ မှတ်​ပေး​နေသည်။

   သူငယ်တန်း ​ကျောင်းသား​လေးကို စိတ်ရှည်​သော ဆရာမကြီးက စာ သင်​ပေး​နေပုံနှင့် တူလှ​ပေသည်။ ရယ်ချင်​သော်လည်း မရယ်ရဲလို့ အားလုံးရဲ့ မျက်နှာမှာ မချိုမချဥ် အပြုံးစ​တွေနှင့်။

   ​ကြေးနန်းစာများ ဖတ်ပြပြီး​နောက် ဆရာ့ထံမှ စစ်မိန့်သံတစ်ခု ရုတ်တရက် ထွက်​ပေါ်လာသည်။

   " အားလုံး တန်း...ထ"

   ထိုင်​နေကြ​သော အစည်းအ​ဝေး တက်လာသူအားလုံး ဝုန်းခနဲ မတ်တပ်ထရပ်လိုက် ကြသည်။ ပြုံးစိစိ လုပ်တာများ သိသွား​လေ​ရော့သလား ဟု စိုးထင့်လျက်။

   " ညာ...လှည့်"

   ထိုင်ခုံများမှ ညာဖက်ကို လှည့်လိုက်ကြသည်။

   " အမြန်​​​လျောက် ဆိုတာနဲ့ ဒုတပ်ရင်းမှူးက ဦး​ဆောင်ပြီး ရုံးခန်းအပြင် ​ကော်ရစ်တာ ကိုထွက်မယ်...စစ်မိန့်သံအတိုင်း ဆက်လုပ်မယ်... အ မြန်..​​လျောက်"

   ဒုတပ်ရင်းမှူး ဦး​ဆောင်​သော အစည်းအ​ဝေး စစ်​ကြောင်းကြီးဟာဖြင့် ရုံးခန်းအပြင်ဖက် ​ကော်ရစ်တာဆီသို့ ချီတက်လို့ လာ​နေပါပြီ။ ​ရှေ့​နောက် ချီတက်​နေ၍ တစ်​ယောက်တန်း စစ်​ကြောင်းရှည်ကြီး ဖြစ်​နေသည်။ ပိုးန သန်​ကောင်လိုလို ကင်း​​ခြေများလိုလို ပုံစံမျိုးနှင့် တ​ရွေ့​ရွေ့လှုပ်ရှား​နေကြပြီ။

   " ဘယ်ညာ...ဘယ်ညာ"

   ဆရာ၏ အမိန့်အတိုင်း ​လျောက်​နေကြသည်။ တပ်ရင်းမှူးရုံးခန်း အပြင်ဖက် ​ကော်ရစ်တာ​ပေါ်​ရောက်ပြီး သစ်သားနံရံ​ဘေး ဖြတ်​လျောက်​နေစဥ်..

   " ​ရှေ့ဆုံးက ဒုတပ်ရင်းမှူးက ဦး​ဆောင်ပြီး ကုန်းပြီး​လျောက်ပါ"

   ဘာကြီးလဲဟလို့ စဥ်းစား​နေချိန်မရ။ ရုတ်တရက်​တွေ​ဝေသွားကြ​သော် လည်း ​ရှေ့ကလုပ်သည့်အတိုင်း ကုန်းပြီးဆက်​လျောက်​နေကြသည်။

   " ကုန်း...ကုန်း.. နည်းနည်းထပ်ကုန်း"

   အသက်၈၀​ကျော် ခါးကိုင်း​နေသည့် အဖိုးကြီးများ တလှုပ်လှုပ်နှင့် ယိမ်းက​နေသကဲ့သို့ ဖြစ်​နေသည်။ ထိုအချိန် ဆရာ့ဆီမှ အမိန့်တစ်ခု ထပ်ဝင် လာသည်။

   " ညာ...ကြည့်"

   ခါးကိုင်းထားပြီး ကုတ်ကွကုတ်ကွနှင့် ဘယ်ညာမှန်မှန် လှမ်း​နေရာမှ ညာဖက်သို့ လည်ပင်းများကို လိမ်၍ ကြည့်လိုက်ကြသည်။

   " လား..လား"

   ​တွေ့ပါပြီ။ ညဖက်ရုံးတွင် ကင်းကျ​သော စစ်သည်များမှာ တပ်ရင်းမှူး ရုံးခန်းအပြင်ဖက် ​ကော်ရစ်တာတွင် အိပ်ကြသည်။ ရုံးခန်းနံရံရှိ သစ်သား ချပ် နှစ်ချပ် ထပ်၍ထား​သော အကြားတွင် တုတ်တိုများထိုး၍ ခြင်​ထောင် ​ထောင်အိပ်ကြသည်။ 

ကင်းတာဝန်ပြီးသွား​တော့ ခြင်​ထောင်သာ ဖြုတ်သွားကြသည်။ တုတ်တို များကို​တော့ ထားခဲ့ကြသည်။ ပျဥ်ပြားနှစ်ခုကြား ​အောက်ဖက်မှ ထိုးထား၍ လည်း ရုတ်တရက် မမြင်ကြခြင်းဖြစ်သည်။ ခုတော့ ဆရာ့ ကျေးဇူး​ကြောင့် ​တွေ့ကြ​လေပြီ။

   လူတန်းကြီးမှာ ကုန်း၍ လည်လိမ်ကာဖြင့် တုတ်တိုများကို ကြည့်ပြီး ​သောအခါ...

   " ​ရှေ့...ကြည့်"

   " ကုန်း​နေရာကပြန်မတ်...ဘယ်ညာ..ဘယ်ညာ"

   သူ့အမိန့်စဥ်နှင့် သူက​တော့ ဟုတ်လို့​နေသည်။ တပ်ရင်းမှူး၏ ဘယ် ညာ အမိန့်သံနှင့် အတူ ရုံးခန်းအတွင်း မူလ​နေရာများသို့ အားလုံးပြန် ​ရောက် သွားမှ...

   " တန်း...ရပ်"

   " အားလုံးထိုင်နိုင်ပြီ"

   အစည်းအ​ဝေး တက်​ရောက်လာသူ အားလုံးလည်း ခါး​ကြော၊ လည်ချောင်း​ကြောများ အ​ကြော​ပြေသွားကြပြီး ​​ချွေးသံတရွှဲရွှဲနှင့် ကိုယ့်​နေရာ ကိုယ်ဝင်ထိုင်လိုက်ကြ​လေသည်။

   အစည်းအ​ဝေးခန်း တစ်ခုလုံး တိတ်ဆိတ်​နေသည်။ ဆရာဘာ​ပြောမလဲ ဆိုတာကို ​စောင့်နား​ထောင်​နေကြသည်။

   " ကဲ...အားလုံးမြင်ခဲ့ကြပြီ မဟုတ်လား၊ တပ်ရင်းမှူးရုံးခန်းဆိုတာ တပ်ရင်းရဲ့ အထွဋ်အမြတ်​နေရာကွဲ့... အခု လူ​လေးတို့ မြင်ခဲ့ရသလို နံရံ မှာ တုတ်တို​တွေ ထိုးထား​တော့ ပနံရပါ့မလားကွဲ့"

   " မရပါဘူးခင်ဗျ"

   " ဖြစ်​ကောဖြစ်သင့်ရဲ့လား​ဟေ့"

   " မဖြစ်သင့်ပါဘူး"

   " ​အေး...​နောက်ဆိုမဖြစ်​စေနဲ့၊ တာဝန်ရှိသူ အဆင့်ဆင့်ထိန်း"

   ပညာသား မပါ​ပေဘူးလားခင်ဗျာ။ အသည်းစွဲ​အောင်ကို မှတ်မိသွား ကြပါပြီ။ အမိန့်​ပေးသူ တပ်ရင်းမှူး၏ အစီအစဥ်အတိုင်း အမိန့်နာခံစွာ လိုက်လံလုပ်​ဆောင်ခဲ့ကြ​သော အရာရှိ စစ်သည်များ ရှိခဲ့သည် ဆိုတာကို ယုံချင်မှ​တောင် ယုံလိမ့်မည်။ ပါဝင်ခဲ့ကြသူများက​တော့ ဒီစာကို ဖတ်ရချိန် မှာ ပြုံးပြီး ပြန်သတိယ​နေပါလိမ့်မည်။

   တပ်ရင်းမှူးရုံးခန်း​ဘေး အိပ်ခဲ့ကြသည့် ညကင်းအဖွဲ့​တွေ​ နာဖို့သာ ပြင်​ပေ​တော့။

😍😍😍တခါးဖွင့်ရင် ဂျိတ်ချိတ်ရမည်…..☺☺☺