ဆီးရီးယားအသင်းနှင့် အကောင်းဆုံးယှဉ်ပြိုင်ကစားသွားမည်

ဆီးရီးယားအသင်းမှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းထက် များစွာသာလွန်နေသော်လည်း အကောင်းဆုံး ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း အသင်းခေါင်းဆောင်မောင်မောင်လွင်က ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင်မောင်မောင်လွင်က ယနေ့(မတ်လ ၂၀ ရက်) ညနေ ၆ နာရီအချိန် ခန့်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပပြုလုပ်သော ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒီပွဲနဲ့ မတိုင်ခင်ကျွန်တော်တို့အသင်းက Training တွေ အများကြီးလုပ်ထားတာပါ။ အမှန်တိုင်းပြောရရင် ဆီးရီးယားအသင်းက ကျွန်တော်တို့အသင်းထက် အများကြီးပိုကောင်းတဲ့အသင်းဖြစ်ပေမယ့် ကျွန်တော်တို့အသင်း ကလည်း အကောင်းဆုံးတုံ့ပြန်ကစားသွားမှာပါ” ဟု မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင်မောင်မောင်လွင်က ပြောခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည့် ပြီးခဲ့သည့် ပွဲစဉ်များတွင် ဂျပန်အသင်းကို ၅ဂိုး-ဂိုးမရှိ ဆိုသော ရလဒ်၊ မြောက်ကိုရီးယားအသင်းကို ၆ ဂိုး-၁ ဂိုး ဆိုသောရလဒ်များဖြင့် ရှုံးနိမ့်ထားခဲ့ရာ အုပ်စုအတွင်း အမှတ်မရရှိထားသည့် အသင်းလည်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း လက်ခံယှဉ်ပြိုင်ကစားရမည့် ဆီးရီးယားအသင်းမှာ FIFA အဆင့်(၈၉)တွင် ရှိနေပြီး မြန်မာ့လက်ရွေးစင် အသင်းမှာမူ FIFA အဆင့် (၁၆၂)တွင် ရှိနေသော်လည်း လာမည့်ပွဲစဉ်တွင် ရလဒ် ကောင်းများရရှိရန် မျော်လင့်ထားကြောင်းလည်း မြန်မာ့လက်ရွှေးစင်ဘောလုံးအသင်းနည်းပြချုပ် Michael Feichtenbenir က ထည့်သွင်းပြောဆိုခဲ့သည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်အုပ်စုပွဲစဉ်အဖြစ် မနက်ဖြန် (မတ်လ ၂၁ ရက်) ည ၆နာရီအချိန်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းတွင် ဆီးရီးယားအသင်းကို လက်ခံယှဉ်ပြိုင်ကစား သွားမည်ဖြစ်သည်။

ဆီးရီးယားအသင်းကို လက်ခံယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ ပဏာမကစားသမားစာရင်းတွင် ပြည်ပထွက်ခွာ ကစားသမား(၁၃)ဦးထိ ပါဝင်လာခဲ့ပြီး အိမ်ရှင်ပရိသတ်များရှေ့တွင် ရလဒ်ကောင်းတစ်ခု စွမ်းဆောင်နိုင်မလား စောင့်ကြည့်ရမည် ဖြစ်သည်။

(NP News)