စတော့ဟုမ်းမှာ ကုမ်ရန်ကျမ်းစာအုပ် မီးရှို့ခံရပြီးနောက် နေတိုးအဖွဲ့ထဲဝင်ရောက်ဖို့ ဆွီဒင်ကို မထောက်ခံတော့ဘူးလို့ တူကီယေးပြော

ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့တော်က တူရကီသံရုံးနားအနီးမှာ ကုမ်ရန်ကျမ်းစာအုပ် မီးရှို့ဆန္ဒပြခဲ့တာကို ခွင့်ပြုခဲ့တဲ့ ဆွီဒင်နိုင်ငံရဲ့ လုပ်ရပ်ကို အရင် တူကီယေး(တူရကီ)က ပြင်းပြင်းထန်ထန်တုန့်ပြန်လိုက်ပါတယ်။

နေတိုးမဟာမိတ်အဖွဲ့ဝင်ဖြစ်လာဖို့ ကြိုးစားနေတဲ့ ဆွီဒင်ကို ထောက်ခံမှာမဟုတ်ဘူးလို့ တူကီယေး (တူရကီ)သမ္မတအာဒိုဂန်ကသတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။

“ကျွန်တော်တို့ သံရုံးရှေ့မှာ ဒီလိုစော်ကားမှုကို ခွင့်ပြုခဲ့သူတွေကို နေတိုးအဖွဲ့ထဲ ဝင်ရောက်ဖို့ ကျနော်တို့ဆီက ထောက်ခံချက်ကို မျှော်လင့်စရာမရှိတော့ပါဘူး” လို့ သမ္မတအာဒိုဂန်က အသိပေးလိုက်ပါတယ်။

ဒီဖြစ်စဉ်ကို ဆော်ဒီ၊ ဂျော်ဒန်နဲ့ ကူဝိတ်တို့လို အစ္စလာမ်နိုင်ငံတွေက ရှုတ်ချခဲ့ကြပြီး ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးတော့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မှတ်ချက်မပေးချင်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။