ခွင့်ပြုချက်မဲ့ သေနတ်ကိုင်ဆောင်ထားသည့် ထိုင်းနိုင်ငံသားတစ်ဦး ဖမ်းဆီးရမိ

တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအတွင်း၌ သေနတ် (၁)လက်ကိုင် ဆောင်ထားသည့် ထိုင်းနိုင်ငံသား(၁)ဦး ရောက်ရှိနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များမှ ယနေ့ နေ့လည် ၂နာရီ မိနစ် ၃၀အချိန်၌ ပိတ်ဆို့ရှာဖွေရာမှ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွါးခဲ့ကြောင်း ဒေသတွင်းသတင်းအရ သိရသည်။

ရဲတပ်ဖွဲ့ဝင်များမှ ဝမ်လုံးကျေးရွာအနီး၌ ပိတ်ဆို့စစ်ဆေး ဆောင်ရွက်စဉ် စိုင်းဝူရှန် ဆိုသူမောင်းနှင်ပြီး ထိုင်းနိုင်ငံသား (အမည်/နေရပ်စိစစ်ဆဲ) လိုက်ပါလာသည့် ဆိုင်ကယ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းရာ ၎င်းမှာ ရပ်တန့်ခြင်းမရှိဘဲ ဆိုင်ကယ်နောက်တွင် လိုက်ပါလာသည့် ထိုင်းနိုင်ငံသားမှ အီတလီ နိုင်ငံထုတ် Pietro Beretta အမျိုးအစား 9 mm ပစ္စတိုသေနတ်ဖြင့် (၆)ချက် ပစ်ခတ်ခဲ့ရာ နမစ (ဟောင်လိတ်)မှ ဒုရဲအုပ်၏ယာဘက်ပေါင်အလယ်တွင် ဖောက်ဝင်/ထွက်ဒဏ်ရာ (၁)ချက်(မစိုးရိမ်ရ) ရရှိခဲ့သည်ဟုဆိုသည်။

ဒုရဲအုပ်မှလည်း M22 သေနတ်ဖြင့် (၁)ချက် ပြန်လည်ပစ်ခတ်ဟန့်တားခဲ့ရာ ဆိုင်ကယ် နောက်မှ စီးနင်းလိုက်ပါ လာသော ထိုင်းနိုင်ငံသား၏ ဝဲတင်ပါးဖောက်ဝင် ဒဏ်ရာ (၁)ချက်ရရှိခဲ့ပြီး ဆိုင်ကယ်မှာ တိမ်းမှောက်သွားခဲ့၍ ဆိုင်ကယ် မောင်းနှင်သူ စိုင်းဝူရှန် မှာလည်း ပွန်းပဲ့ဒဏ်ရာရရှိခဲ့ပြီး ၎င်းတရားခံ (၂)ဦးကို ဖမ်းဆီးရမိခဲ့သည်။

တရားခံ ထိုင်းနိုင်ငံသားထံမှ အီတလီနိုင်ငံထုတ် Pietro Beretta အမျိုးအစား 9 mm ပစ္စတို (၁)လက်၊ ၎င်းကျည် (၅၃)တောင့်၊ ပစ်ခတ်ပြီး ကျည်ခွံ(၆)တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပြိး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။