ဖေဖော်ဝါရီလ ၂ ရက်နေ့မှုခင်းသတင်းများ

-ဇန်နဝါရီလ ၃၁ ရက် ၁၆၀၀ နာရီတွင် တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံးကျေးရွာအုပ်စု၊ လယ်တောင်ယာ ကျေးရွာသို့ PDF အကြမ်းဖက် ကိုဂျက်၊ အောင်ကိုကို(ခ)တရုတ်ကြီး ခေါင်းဆောင် အင်အား ၄၀ ဦးခန့်သည် ရွာ၏အနောက်ဘက်မှ ဝင်ရောက်လာပြီး ၎င်းကျေးရွာနေ ရဲမင်းထက်(၂၅)နှစ်၊ ဥယျာဉ်လုပ်ကိုင်သူအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက် ၀၈၀၀ နာရီတွင် ရဲမင်းထက်၏ ရုပ်အလောင်းအား နားထင် ဝဲ/ယာ လက်နက်ငယ်ကျည် ဖောက်ဝင်/ဖောက်ထွက်ဒဏ်ရာဖြင့် လယ်တောင်ယာကျေးရွာ၏ အရှေ့တောင်ဘက် ၁ မိုင်ခွဲခန့်အကွာ တနင်္သာရီ-ဘုတ်ပြင်းပြည်ထောင်စုလမ်းနံဘေး၌ ပြန်လည်တွေ့ရှိခဲ့ကြောင်းနှင့် ရဲမင်းထက် သည် ဘုတ်ပြင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်သားအဆင့်ဖြင့် လက်နက်မဲ့ ခွင့်မဲ့ပျက်ကွက်လျက်ရှိသည့် ရဲပြေး တစ်ဦးဖြစ်သဖြင့် PDF အကြမ်းဖက်သမားများမှ ဒလန်ဟုစွပ်စွဲ၍ ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်။

-ဖေဖော်ဝါရီလ ၁ ရက် ၀၇၁၀ နာရီတွင် မကွေးမြို့နယ်၊ ကန်တော်ကျေးရွာနေ ဦးစိုးလှိုင်(၆၅)နှစ်၊ တောင်သူလုပ်ကိုင်သူသည်  နေအိမ်၌ရှိနေစဉ်အကြမ်းဖက်သမား ကျား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ပစ္စတိုဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးစိုးလှိုင်တွင် ဝဲနားထင်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဂျိုင်းအောက်ကျည် ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် နေရာတွင် သေဆုံးသွားခဲ့။

-ဖေဖော်ဝါရီလ ၁ ရက် ၁၁၂၀ နာရီတွင် ရေနံချောင်းမြို့နယ်၊ ရွှေတုပ်ကန်ကျေးရွာအုပ်စု၊ ဝါးရိုးကျေးရွာတွင် နေထိုင်သော ဦးအောင်ကျော်ဦး(၄၆)နှစ်၊ တောင်သူလုပ်ကိုင်သူသည် မိသားစုနှင့်အတူ နေအိမ်၌ရှိနေစဉ် အကြမ်းဖက်သမား ကျား ၃ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး နေအိမ်အတွင်း ဝင်ရောက်ရှာဖွေရာ တစ်ပဲသားခန့် ရွှေနားကပ် ၁ ရံ၊ ငွေကျပ်သိန်း ၂၀၊ HONDA WAVE 100 ဆိုင်ကယ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၄ လုံးတို့အား ယူဆောင်၍ ဦးအောင်ကျော်ဦး အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့။

-ဖေဖော်ဝါရီလ ၁ ရက် ၁၅၃၀ နာရီတွင် စဉ့်ကူးမြို့နယ်၊ တောင်အင်းကျေးရွာနေ ဦးဌေးဆန်း(၅၉)နှစ်၊ တောင်သူလုပ်ကိုင်သူ သည် ကျေးရွာ၏တောင်ဘက် ၎င်းပိုင်တောင်ယာ၌ရှိနေစဉ် အကြမ်းဖက်သမား ကျား ၄ ဦး ရောက်ရှိလာပြီး အကြမ်းဖက်သတ်ဖြတ်သွားခဲ့ရာ ဦးဌေးဆန်းတွင် နဖူးမှနောက်စေ့ ကျည်ဖောက်ဝင်/ထွက်ဒဏ်ရာ ၁ ချက်၊ ရင်ဘတ်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် နေရာတွင် သေဆုံးသွားခဲ့။

-ဖေဖော်ဝါရီလ ၁ ရက် ၁၁၁၅ နာရီတွင် စဉ့်ကူးမြို့နယ်၊ ရွှေပြည်ကျေးရွာအုပ်စု၊ ကျွန်းစည်ရပ်နေ ဒေါ်ခိုင်၊ ဒေါ်ဥမ္မာ၊ ဒေါ်မိအေး နှင့် ဒေါ်ခင်မာထွေးတို့ ၄ ဦးသည် ရွှေမြင်တင်တောင်၏မြောက်ဘက်သို့ ထင်းခွေရန်ထွက်ခွာခဲ့ရာ PDF အကြမ်းဖက်အဖွဲ့များ ထောင်ထားသည့် မိုင်းအား နင်းမိပေါက်ကွဲ ခဲ့သဖြင့် ဒေါ်ခိုင်(၄၆)နှစ်၊ တောင်သူလုပ်ကိုင်သူတွင် ဦးခေါင်းနောက်စေ့ မိုင်းစဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲတင်ပါးမိုင်းစဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဖေဖော်ဝါရီလ ၁ ရက် ၁၃၀၀ နာရီတွင် မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာရှိ မြေဖြူကန်ဘုရားပေါ်သို့ PDF အကြမ်းဖက် အဖွဲ့ မှ Drone ဖြင့် Drop Bomb  ၃ လုံးချတိုက်ခိုက်ခဲ့ရာ ဘုရား၏ အနောက်မြောက်ဘက် ပေ ၅၀ ခန့်အကွာသို့ ကျရောက်ပေါက်ကွဲခဲ့။