“အမျိုးသားအောင်ပွဲနေ့မှာ တွံတေးမြို့က ဘုရားတွေ ဖူးဖို့ Yangon Water Bus က အထူးအစီအစဉ်အဖြစ် ပြေးဆွဲမည်”

Yangon Water Bus အနေဖြင့် တွံတေးခရီးစဉ်ကို စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ၌သာ ပြေးဆွဲရာမှ ယခုအခါ လာမည့် နိုဝင်ဘာ ၁၇ ရက်တွင် ကျရောက်မည့် “အမျိုးသားအောင်ပွဲနေ့” တွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် အဆိုပါတွံတေးခရီးစဉ်ကို ပြေးဆွဲသွားရန် စီစဉ်ထားကြောင်း သိရသည်။

ထိုခရီးစဉ်ကို နိုဝင်ဘာ ၁၇ ရက် နံနက် ၈နာရီခွဲတွင် မော်တင်အနီးရှိ လမ်းသစ်ဆိပ်ကမ်းမှ စတင်ထွက်ခွာမည်ဖြစ်သလို ယခင်က တစ်ဦးလျှင် ၂၅၀၀၀ ကျပ်ကျသင့်သည့် ခရီးစဉ်တစ်ခုလုံးအတွက် အထူးလျှော့ဈေးအဖြစ် တစ်ဦးလျှင် ၁၈၀၀၀ ကျပ်သာ ကျသင့်မည်ဟုသိရပါတယ်။

တွံတေးမြို့သို့ရောက်သည့်အခါ ရွှေဆံတော်စေတီ၊ ဗောင်းတော်ချုပ်စေတီ၊ တွံတေးစျေး၊ အိုးလုပ်ငန်း စသည့် နေရာများသို့ သွားရောက် လေ့လာရာ၌ ထပ်မံကုန်ကျစရာမလိုဘဲ Yangon Water Bus မှ အပြီးစီစဥ်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။

 “အခု သင်္ဘောလက်မှတ်ခ ဝယ်ပြီးသွားတာနဲ့ တွံတေးမှာ သွားလာမှုတွေအတွက် ထပ်ပေးစရာမလိုဘူး၊ Water Bus ကပဲ စီစဉ်ပေးတာပါ၊ ခရီးစဉ်တစ်ခုလုံးအပြီးစီးပါပဲ၊ ဘာမှထပ်ပြီး ကုန်ကျမှုမရှိဘူး၊ စျေးဝယ်တာ ဘာညာကတော့ ကိုယ့်သဘောနဲ့ ကိုယ်ကုန်ကျမှုရှိမှာပါ၊ ဒီကနေ နေ့လည်စာကျွေးမယ်၊ ရေသန့်၊ ကော်ဖီ၊ အအေး အကျွေးအမွေးတွေနဲ့ ပါဝင်မှာ ဖြစ်ပါတယ်” ဟု Yangon Water Bus တာဝန်ရှိသူက ရှင်းပြပါတယ်။

ထို့အပြင် လာမည့် စနေ၊ တနင်္ဂနွေရက်များတွင်လည်း တွံတေးခရီးစဉ်ကို ပြေးဆွဲပေးသွားရန်စီစဉ်ထားသလို လက်မှတ်ခလျှော့ပေးသည့် ပရိုမိုးရှင်းအစီအစဉ်ကို နိုဝင်ဘာလကုန်အထိ သတ်မှတ်ထားကြောင်း သိရပါတယ်။

#crd