တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိမြို့နယ်၊ရပ်ကွက်၊ ကျေးရွာများ၌ တန်ဆောင်မုန်း လဆန်းအဖိတ်နေ့စည်ကားများပြား

မြန်မာ့ရိုးရာ ၁၂ လရာသီပွဲတော်များအနက် တန်ဆောင်မုန်းလသည် တမူထူးခြားသည့် လတစ်လဖြစ်ပြီး တန်ဆောင်မုန်းလတွင် တန်ဆောင်တိုင် မီးထွန်း ပွဲတော်၊ ကထိန်သင်္ကန်းအလှူပွဲတော်၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲ၊ ကျီးမနိုး ပွဲတော်၊ သာမညဖလအခါတော်နေ့ပွဲတော်တို့ကို ကျင်းပလေ့ရှိသည်။
ထိုသို့ အနှစ်သာရပြည့်ဝစွာ ဆင်ယင်ကျင်းပသော ရာသီပွဲတော်ဖြစ်သည့်အတွက် တန်ဆောင်မုန်းလဆန်းအဖိတ်နေ့အဖြစ် ယနေ့တွင်နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီပုထိုးများတွင် စည်ကားများပြားလျက်ရှိရာ နေပြည်တော်ရှိ ဥပါတ္တသန္တိ စေတီတော်မြတ်ကြီးနှင့် တန်ခိုးကြီးဘုရားများတွင် ကုသိုလ်ပြုကြ သူများဖြင့် စည်ကားလျက်ရှိကြသလို တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်များရှိ ဘုရားကျောင်းကန် အသီးသီးနှင့် ဘုန်းတော်ကြီး ကျောင်းများတွင် လည်း သမညဖလ အခါတော်နေ့အကြို အလှူဒါနပြုကြသူများ၊ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ပြုကြသူများ၊ ဝတ်အသင်း အဖွဲ့များက ဝတ်ရွတ်စဉ်များဖြင့် ရွတ်ဆိုပူဇော် လျက်ရှိကြပြီး ရွှေတိဂုံစေတီတော်၊ ဆူးလေစေတီတော်၊ ဗိုလ်တထောင် ကျိုက်ဒေး အပ်ဆံတော်ဦးစေတီတော်၊ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၊ လောကချမ်းသာ အဘယာလာဘမုနိရုပ်ပွားတော်မြတ်ကြီး၊ မဟာဝိဇယ စေတီတော်နှင့် စွယ်တော် မြတ်စေတီတော် စသည်တို့တွင် မနက်အာရုံ တက်ချိန် မှစပြီး ပန်း၊ရေချမ်း၊ သစ်သီး၊ ဆွမ်း ဆက်ကပ်လှူဒါန်းကာ ကုသိုလ်ပြု လျက်ရှိကြသည်။
၎င်းအပြင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေ၊ ငွေ ဆောင်ကမ်းခြေ၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ငပလီကမ်းခြေများ၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းကျေးရွာအုပ်စု၊ ဦးပိန် တံတား၊ တံတားဦးမြို့နယ်၊ အင်းဝရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ နန်းမတော် မယ်နုအုတ်ကျောင်း၊ ပြင်ဦးလွင်မြို့၊ ပွဲကောက်ရေတံခွန်နှင့် အမျိုးသားကန်တော် ကြီးဉယျာဉ်၌လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ အထင်ကရ ပန်းခြံများနှင့် အပန်းဖြေဉယျာဉ်များ၌ လည်းကောင်း လာရောက်အပန်းဖြေအနား ယူကြသူများဖြင့် အထူးစည်ကား များပြားလျက်ရှိသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်း၌လည်း လမ်း၊ အဆောက်အဦများ၊ ပန်းအလှသစ်ပင်များတို့တွင် ရောင်စုံမီးအလှများဖြင့် တန်ဆောင်မုန်းလဆန်းအဖိတ်နေ့အဖြစ် မီးထွန်းပွဲတော်ကို ပြုလုပ်ခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစုများက စိတ်နှလုံး အေးချမ်းစွာဖြင့် ပျော်ရွှင်ကြည်နူးစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်းသတင်းရရှိပါတယ်ရှင်။